အိန္ဒိယဝန်ကြီးချုပ် မိုဒီအား ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ စုပေါင်းတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယဝန်ကြီးချုပ် မိုဒီအား ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ စုပေါင်းတွေ့ဆုံ







နယူးဒေလီ၊ ဇူလိုင် ၁၄

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး တက်ရောက်ရန် နယူးဒေလီမြို့သို့ ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီအား အခြားသော ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ ဇူလိုင်လ ၁၂ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၀:၄၅ နာရီတွင် နယူးဒေလီမြို့ရှိ အိန္ဒိယဝန်ကြီးချုပ်အိမ်တော်၌ စုပေါင်းတွေ့ဆုံခဲ့သည်။ 

အလားတူ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊ ဒေသစံတော်ချိန် ၁၂:၀၀ နာရီတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာရစ်ဆတ်ငီယမ်ဖုန် နှင့်လည်းကောင်း၊ ညနေ ၆ နာရီ ၁၅ မိနစ်တွင် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာ နှင့်လည်းကောင်း၊ ညနေ ၆ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမိုဟာမတ်ဟာဆန်မာမွတ် နှင့်လည်းကောင်း နယူးဒေလီမြို့ရှိ တာ့ဂျဂ်ပဲလေ့စ်ဟိုတယ်၌ သီးခြားစီတွေ့ဆုံခဲ့သည်။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နှင့်တွေ့ဆုံစဉ် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ဘင်းမ်စတက်နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်များအောက်တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 

ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် ကျေးဇူးတင်အသိအမှတ်ပြုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ 

အိန္ဒိယပြည်ပရေးရာဝန်ကြီး နှင့်တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။ အလားတူ ပေါင်းစည်းဆက်နွှယ်ချိတ်ဆက်မှုလုပ်ငန်းများ၊ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေး ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး နှင့်တွေ့ဆုံစဉ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံရေး အပါအဝင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သည်ကြီးများ အသင်းများအကြား ပူးပေါင်းဆောင်ရွက်ရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့ပြင် ဝန်ကြီးနှစ်ဦးသည် ဘင်းမ်စတက်မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးအပေါ် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသည့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ညွန့်ဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)