ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့် ရေဝင်ရောက်သည့်နေရာများသို့ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့် ရေဝင်ရောက်သည့်နေရာများသို့ ကွင်းဆင်းကြည့်ရှု




လွိုင်ကော်၊ ဇူလိုင် ၂၉

ကယားပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဌာနဆိုင်ရာများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံးဝန်းအတွင်း ဖွင့်လှစ်ထားသော ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ရုံး၌ လွိုင်ကော်မြို့အတွင်း ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်ကျရောက်လာပါက စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့အတွင်း၌ လက်ရှိဘီလူးချောင်းရေအမှတ်မှာ စိုးရိမ်ရေမှတ်အောက် (၁ ပေ၊ ၄ လက်မ) ခန့်ရှိပါကြောင်း၊ လွိုင်ကော်မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းနေအိမ်အချို့တွင် ယနေ့နံနက်ပိုင်းမှစ၍ ရေအနည်းငယ် ဝင်ရောက်လျက်ရှိသဖြင့် ရေဆက်လက်မြင့်တက်လာပါက အရေးပေါ် တုံ့ပြန်နိုင်မှုအား ချက်ခြင်းဆောင်ရွက်နိုင်ရန်နှင့် ရွှေ့ပြောင်းရေး၊ ယာယီနေထိုင်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေး၊ လိုအပ်သည့်ကူညီထောက်ပံ့မှုများ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာကော်မတီအသီးသီးက ကြိုတင်ပြင်ဆင်မှုအား ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နှစ်ထပ်ဈေးတံတား၊ ရှမ်းပိုင်းတံတား၊ ဒေါနိုးကူးတံတားများသို့သွားရောက်၍ ဘီလူးချောင်းရေမြင့်တက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး (၂၄) နာရီ ရေကင်းစောင့်ကြည့်နိုင်ရေး၊ စိုးရိမ်ရေမှတ် ကျော်လွန်နိုင်သည့် အခြေအနေရှိပါက အမိန့်စောင့်ဆိုင်းရန်မလိုပဲ အချိန်နှင့်တစ်ပြေးညီ ပြည်သူများသို့ ကြေညာချက် ထုတ်ပြန်အသိပေးရန်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နမ့်ကွတ်ရပ်ကွက်၊ ရေစီးကွေ့သို့သွားရောက်၍ ဘီလူးချောင်းရေမြင့်တက်လာပါက ရေနစ်မြှပ်မှုမရှိရန် ကာရံထားသည့် မြေထိန်းနံရံများ ကြံ့ခိုင်မှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခြင်းနှင့် ပြည်နယ်မီးသတ်တပ်ဖွဲ့မှ Life Bouy ရေပြင်ကယ်ဆယ်ရေးကိရိယာ အသုံးပြု၍ သရုပ်ပြဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လွိုင်ကော်မြို့အနိမ့်ပိုင်း နမ့်ကွတ်ရပ်ကွက်ရှိ နေအိမ်အချို့၌ ဘီလူးချောင်းရေဝင်ရောက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြကာ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား‌ ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သီရိမင်္ဂလာ (ယာယီဈေး) သို့ သွားရောက်၍ ပြည်သူများပျော်ရွှင်အေးချမ်းစွာ ရောင်းဝယ်ဖောက်ကားနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ဈေးအင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး၊ ဈေးသန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ယာဉ်ရပ်နားစခန်းများ စနစ်တကျရှိစေရေး မှာကြားခဲ့သည်။ ဆက်လက်၍ သီရိမင်္ဂလာဈေး အသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းမှုရှိစေရေး၊ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအမီ ပြီးစီးနိုင်ရေး မှာကြားကာ အကြမ်းဖက်သောင်းကျန်းသူများကြောင့် ပျက်စီးခဲ့သော ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်သိုလှောင်ရုံသို့သွားရောက် စစ်ဆေးကြည့်ရှုခဲ့ပြီး မော်တော်ယာဉ်သိုလှောင်ရုံအတွင်း သန့်ရှင်သပ်ရပ်မှုရှိစေရေး၊ ဆယ်တင်ပစ္စည်းများနှင့် ပျက်စီးဆုံးရှုံးမှုများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့သွားရောက်၍ ကျောင်းဝန်းအတွင်းရှိ စာသင်ဆောင်များ၊ ကျောင်းသား/ကျောင်းသူအိပ်ဆောင်များ၊ စားရိပ်သာ၊ စာကြည့်တိုက်များ၊ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းကျောင်း အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေရာများအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး၊ ကျောင်းဥပဓိရုပ် ခန့်ထည်မှုရှိစေရေး၊ ကျောင်းဝန်းအတွင်း စိမ်းလန်းစိုပြေမှုရှိစေရေး တာဝန်ရှိသူများက အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)