ဒုတိယဝန်ကြီး ဦးစိုးကြည် မကွေး၊ မင်းဘူး၊ ရေနံချောင်း မြို့နယ်တို့ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးစိုးကြည် မကွေး၊ မင်းဘူး၊ ရေနံချောင်း မြို့နယ်တို့ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်


နေပြည်တော်၊ ဇူလိုင် ၂၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ယမန်နေ့က ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ရေနံချောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူ ၈၆၃ ဦးအတွက် ဆန်ရိက္ခာဖိုးနှင့် ရေနံချောင်းမြို့နယ် မိန်းမလှကျွန်းကျေးရွာနှင့် မန်မြေရွာသစ်ကျေးရွာ ကမ်းပါးပြိုဘေးသင့် အိမ်ခြေ ၅၅ လုံးအတွက် ထောက်ပံ့ငွေများပေးအပ်သည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန မကွေးမြို့မူလတန်းကြိုကျောင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကလေးငယ်များကို ငယ်စဉ်ကပင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သော အလေ့အကျင့်ကောင်းများရရှိအောင် ပြုစုပျိုးထောင်ပေးရန်နှင့် သင်ကြားနည်းစနစ်များနှင့်အညီ သင်ကြားပေးရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ ကလေးငယ်များကို မုန့်နှင့်ပဲနို့များ ဝေငှပေးသည်။

ထို့နောက် မကွေးမြို့ မြင်းကင်းဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ မကွေးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူ ၈၄၇၃ ဦးအတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးမြို့ မှန်ကင်းဘုန်းတော်ကြီး ကျောင်းသို့ရောက်ရှိပြီး မင်းဘူးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူ ၉၀၀၇ ဦးအတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့၍ အားပေးစကားပြောကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မကွေးမြို့၊ မင်းဘူးမြို့၊ ရေနံချောင်းမြို့အပါအဝင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် ၁၅၅ ဒသမ ၂၃၉ သန်းကျော် ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မကွေးမြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးတို့သို့ သွားရောက်ပြီး ကယ်ဆယ်ရေးပစ္စည်းများ စနစ်တကျ သိုလှောင်ထားရှိမှု၊ ထောက်ပံ့ရေးနှင့် အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ ပစ္စည်းများလေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထောက်ပံ့နိုင်ရေး၊ အသိပညာပေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးမြို့ ကလေးပြုစုရေးဌာနသို့ရောက်ရှိပြီး ကလေးများပြုစုထားရှိမှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ စားဖိုဆောင်သန့်ရှင်းမှုရှိရေး၊ အာဟာရပြည့်ဝသော အစားအစာများ ချက်ပြုတ်ကျွေးမွေးရေးတို့ကို အထူးဂရုပြုရန် မှာကြား၍ ကလေးငယ်များအတွက် အာဟာရမုန့်များနှင့် အရုပ်များ ဝေငှပေးသည်။

ယင်းနောက် မကွေးမြို့ မူလတန်းကြိုကျောင်း၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဦးစီးဌာနအလိုက် လုပ်ငန်းများ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် မိမိတို့တာဝန်များကို ကြိုးပမ်းထမ်းဆောင်ကြရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)