ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇူလိုင် ၁၁

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၈ ရက်က မအူပင်မြို့နှင့် ဘိုကလေးမြို့တို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်များ၏ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးသည် လူငယ်သင်တန်းကျောင်းများမှ ကျောင်းအုပ်၊ ဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံစဉ် သင်ကြားပေးနေသော စာပေအတတ် ပညာများကို အပတ်တကုတ် လေ့လာသင်ယူသွားကြရန်၊ အတတ်ပညာများအပြင် ပြင်ပဗဟုသုတများကို လေ့လာဆည်းပူး၍ အသိပညာများ ဖွံ့ဖြိုးတိုးတက်အောင် အမှန်နှင့်အမှား ကွဲပြားစွာ ဝေဖန်ပိုင်းခြားနိုင်သော လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကျင့်ကြံ နေထိုင်သွားကြရန်၊ နိုင်ငံတော်မှ အခမဲ့ပညာသင်ကြားရေးနှင့် နေထိုင်စားသောက်ရေးတို့ကို အလေးထား ဆောင်ရွက်ပေးထားသည့်အပေါ် ကျေးဇူးသစ္စာစောင့်သိ နေထိုင်သွားကြရန်၊ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အနာဂတ်၏ ခေါင်းဆောင်ကောင်းများ ဖြစ်လာမည့် ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း ကျောင်းသင်ခန်းစာများကို အေးချမ်းစွာ လေ့လာသင်ယူနိုင်မည် ဖြစ်ပါကြောင်း၊ ဆရာဆရာမများ၊ နည်းပြများအနေဖြင့် ကျောင်းသား ကျောင်းသူများကို စာပေပညာရပ်များအပြင် အတွေးအခေါ် အသိအမြင်နှင့် အယူအဆကောင်းများ၊ ဗလငါးတန်နှင့်ပြည့်စုံ၍ နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် နိုင်ငံ့ဝန်ထမ်းကောင်းများ၊ ခေါင်းဆောင်ကောင်းများဖြစ်အောင် ရည်မှန်းချက်များနှင့်အညီ လေ့ကျင့်သင်ကြားပျိုးထောင်သွားကြရန် မှာကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားသည်။

ထို့နောက် ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စာကြည့်တိုက်၊ အားကစားခန်းမ၊ ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် ရာသီသီးနှံစိုက်ပျိုးထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မအူပင်လူငယ်သင်တန်းကျောင်း စားရိပ်သာ၌ ကျောင်းသား ကျောင်းသူများနှင့်အတူ နေ့လယ်စာကို သုံးဆောင်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မအူပင်မြို့ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းနှင့် ဘိုကလေးမြို့အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းများသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုစေရန် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့သည့် ဘောလုံးအားကစား ကွင်းများကို ကြည့်ရှုစစ်ဆေးခဲ့ကာ ထပ်မံတိုးချဲ့ အဆင့်မြှင့်တင်နိုင်ရေး၊ စုပေါင်းတန်းစီကွင်းနှင့် ဘော်လီဘော၊ ပိုက်ကျော်ခြင်းကွင်းများ ပြုလုပ်ပေးနိုင်ရေးတို့ကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေး၍ ကျောင်းသား ကျောင်းသူများကို အာဟာရပြည့် ဖြည့်စွက်စာများ ကျွေးမွေးနိုင်ရေးအတွက် လှူဒါန်းငွေများပေးအပ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင် ၉ ရက် နံနက်ပိုင်းက မြောင်းမြမြို့နယ်အတွင်း ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် လပွတ်ကုလား ကျေးရွာအုပ်စုအတွင်းရှိ သမိုင်းဝင်ရွှေဂူကြီးဘုရားအဝင်လမ်း ၄ ဖာလုံ ဖောက်လုပ်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ လပွတ်ကုလားကျေးရွာနှင့် (ဝဲဒေါင့်) ဒေါင့်ကြီးကျေးရွာချင်းဆက် လမ်းပေါ်ရှိ(ဝဲဒေါင့်) ဒေါင့်ကြီးတံတား ပြုပြင်တည်ဆောက်ရမည့် အခြေအနေကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ဝဲဒေါင့်ကျေးရွာ ဗုဒ္ဓသာသနာ့ဇောတိပါလဓမ္မာရုံ ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် မြောင်းမြမြို့နယ် သိလ္လာချောင်းဖျားကျေးရွာသို့ရောက်ရှိပြီး ဂန္ဓာရုံကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး မြောင်းမြ - လပွတ္တာလမ်းမှ သိလ္လာချောင်းဖျားကျေးရွာသွား ၁ မိုင် ၄ ဖာလုံ မြေလမ်းကို လမ်းအဆင့်မြှင့်တင်နိုင်ရေး မြေပြင်ကြည့်ရှုစစ်ဆေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လပွတ္တာမြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်းခန်းမ၌ အိမ်တွင်းမှုနှင့် စက်မှုလက်မှု သင်တန်းကျောင်းအုပ်များ၏ သင်တန်းကျောင်းဆိုင်ရာ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးကာ သင်တန်းကျောင်းနှစ်ကျောင်းမှ ဝန်ထမ်းများ၊ သင်တန်းသားသင်တန်းသူများကို အမှာစကားပြောကြား၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ထို့နောက် သင်တန်းသူများ၏ လက်တွေ့သင်ကြားနေမှု၊ ချုပ်လုပ်ထားရှိသည့် လက်ရာများ၊ အိပ်ဆောင်၊ စားရိပ်သာ၊ စတိုဆောင်နှင့် ကျောင်းဝင်းအတွင်းကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လပွတ္တာမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်းသို့ ရောက်ရှိပြီး လက်ကိုင်ဖုန်းပြင်သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေးသင်တန်းများတွင် ဘာသာရပ်အလိုက် လက်တွေ့လေ့ကျင့်သင်ကြားနေမှုနှင့် သင်တန်းသားများ၏ စားသောက်နေထိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် သင်တန်းကျောင်းမှ ဝန်ထမ်းများ၊ နည်းပြ၊ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများအား တွေ့ဆုံအမှာ စကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များ လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်ကြားပေးသည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်အောင် ကြိုးစားအားထုတ်လေ့ကျင့် သင်ကြားသွားကြရန်၊ တတ်မြောက်ထားသည့် ဘာသာရပ်များကို စဉ်ဆက်မပြတ် အသုံးချ၍ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်၍ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ၊ အဆင့်မြင့်စက်ချုပ်သင်တန်းများ လေ့ကျင့်သင်ကြားနေမှု၊ သင်တန်းသူများ၏ လက်ရာများ၊ သင်တန်းကျောင်း၏ အပ်ချုပ်ဆိုင်၊ မော်တာဆောင်၊ စာကြည့်တိုက်၊ စားရိပ်သာ၊ အိပ်ဆောင်နှင့် ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ တောင်ယာကုန်း၊ ရွာသစ်ကုန်း၊ စမ်းကြီးကုန်းနှင့် ဖိုးရွှေမြကုန်း ကျေးရွာတို့မှ လယ်မြေ ၄၈ ဧကတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ် အသုံးပြု၍ သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။       


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)