မြစ်ကြီးနား၊ ဇူလိုင် ၁
မြစ်ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိသည့် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၊ ရေကြည်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား တပ်မတော်သားများက ယမန်နေ့က စတင်၍ ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်းခဲ့ကြသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၊ ရေကြည်ကျေးရွာအတွင်းသို့ ယမန်နေ့ နံနက်ပိုင်းက ရေများခြောက်ပေခန့်ဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဒေသခံပြည်သူတစ်ဦးက "အရေးကြုံလာတော့ တပ်မတော်သားတွေက လွဲပြီး ဘယ်သူ့မှ အားကိုးလို့မရပါဘူး။ ဒေသခံ ပြည်သူတွေမှာ စစ်ဘေးစစ်ဒဏ်ဆိုရင်လည်း ဒီလူတွေပဲ။ သဘာဝဘေးအန္တရာယ်ကျရောက်လာပြန်တော့လည်း ဒီလူတွေပဲ ကူညီပေးတာပါ။ ဒေသခံပြည်သူတွေကို ခုတုံးလုပ်ပြီး လူမျိုးရေးအမုန်းတရားတွေဖန်တီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ ဘယ်အဖွဲ့ကမှ လာရောက်ကူညီပေးတာမျိုး မရှိပါဘူး။တပ်မတော်သားတွေပဲ သက်စွန့်ဆံဖျား ကူညီဆောင်ရွက်ပေးတာပါ။" ဟု ပြောသည်။
မြစ်ကြီးနားမြို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည့်နေရာများသို့ ယမန်နေ့က စတင်၍ နယ်မြေခံတပ်မတော်သားများကသွားရောက်၍ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၅၀ ခန့်၊ လူဦးရေ ၃၈၀ ခန့်တို့အား ရေဘေးကင်းလွတ်ရာ အမှတ် (၄) အခြေခံပညာအထက် တန်းကျောင်းသို့ ကူညီရွှေ့ပြောင်းပေးပြီး လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
Myanmar National Post
No comments:
Post a Comment