ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလ အသင်းကြီး၏ ဝိနည်းတော်စာပြန်ပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား တက်ရောက်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလ အသင်းကြီး၏ ဝိနည်းတော်စာပြန်ပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား တက်ရောက်ကြည်ညို


နေပြည်တော်၊ ဇူလိုင် ၁၂

ဆဋ္ဌမအကြိမ်မြောက် အဘိဝိနယာစရိယစာတော်ပြန်ပွဲ စာအောင်အရှင်သူမြတ်များ အောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းဂုဏပူဇာအခမ်းအနားကို ယမန်နေ့က နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း) ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်းကြီး၏ ဦးဆောင်ဆရာတော် ကော့ကရိတ်မြို့ ကော့ဝါလဲကျေးရွာ အေးချမ်းသာယာဆရာတော် ဘဒ္ဒန္တကဝိနန္ဒထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်းကြီး၏ နာယကဆရာတော် တောင်တွင်းကြီးမြို့ ဆတ်သွားကျေးရွာ ဂန္ဓာရုံဘုံကျော်ကျောင်း ဆရာတော် ဘဒ္ဒန္တဝိလာသက သာရဏီယဩဝါဒကထာ မြွက်ကြားချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်းဥက္ကဋ္ဌက ဖြေဆိုအောင်မြင်မှုအခြေအနေများကိုလည်းကောင်း လျှောက်ထား တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အဘိဝိနယာစရိယ စာတော်ပြန်ပွဲ စာအောင် အရှင်သူမြတ်များအား အောင်လက်မှတ်များ ဆက်ကပ်ပြီး ဘွဲ့နှင်းနာယကဆရာတော် ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရန်အောင်မြင်ကျောင်းဦးစီးပဓာန နာယက ဆရာတော်ဘဒ္ဒန္တခေမာနန္ဒထံမှ အနုမောဒနာတရား နာကြားကြသည်။

ယနေ့ကျင်းပသော ဆဋ္ဌမအကြိမ် အဘိဝိနယာစရိယစာတော်ပြန်ပွဲကို ဗုဒ္ဓသာသနာတော်မြတ်ကြီး အရှည်တည်တံ့စေရေး စောင့်ရှောက်ထိန်းသိမ်းရာတွင် ဝိနယ ဂရုက လဇ္ဇီ ပေသလ သိက္ခာကာမ အရှင်သူမြတ်များစွာ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ခက်ခဲနက်နဲသည့် ဝိနည်းအဆုံးအဖြတ်မေးခွန်းများကို ကျမ်းပြုစုရသည့်ပမာ ဖြေဆိုစေခြင်း မှ အောင်မြင်တော်မူခဲ့သော စာအောင်အရှင်သူမြတ်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းဂုဏပူဇာအခမ်းအနား၌ ပထမအဆင့်တွင် ရဟန်း ၁၆ ပါး၊ သာမဏေ နှစ်ပါး၊ ဒုတိယအဆင့်တွင် ရဟန်း နှစ်ပါး၊ သာမဏေ တစ်ပါးနှင့် တတိယအဆင့်တွင် ရဟန်းတစ်ပါးတို့အား အောင်လက်မှတ်များ ဆက်ကပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)