နေပြည်တော်၊ ဇူလိုင် ၁၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင်သစ်လွှဲအပ်ပွဲကို ယမန်နေ့က အဆိုပါကျောင်းရှိ ဦးသာညှင်းဆောင်၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ဆေးပြီး ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်နာယကက အဆောက်အဦနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ကျောင်းဆောင်သစ်အား ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ပညာရေးဌာနသို့လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကြပြီး ကျောင်းသား၊ ကျောင်းသူများ၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment