အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ကျင်းပသည့် ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ကျင်းပသည့် ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်



နေပြည်တော်၊ ဇူလိုင် ၁၃

အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၁၁-၇-၂၀၂၄ ရက်နေ့က အိန္ဒိယနိုင်ငံနယူး ဒလီမြို့၌ ကျင်းပသည့် ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။

ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမိုဟာမတ်ဟာ ဆန်မာမွတ်၊ ဘူတန်နိုင်ငံခြားရေးနှင့် ပြည်ပကုန်သွယ်ရေးဝန်ကြီး မစ္စတာဒီအန်ဒွန်ဂဲလ်၊ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာ၊ နီပေါနိုင်ငံခြားရေးအတွင်းဝန် မစ္စစီဝါလမ် ဆယ်လ်၊ သီရိလင်္ကာ နိုင်ငံခြားရေး ဒုတိယဝန်ကြီး မစ္စတာသာရက ဘာလာဆူရီရာ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာရစ် ဆတ်ငီယမ်ဖုန်နှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် သံအမတ်ကြီး အင်ဒရာမာနီပန်ဒေးတို့ ပါဝင်တက်ရောက်ကြသည်။

ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း နိုင်ငံခြားရေးဝန်ကြီးများသည် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးများသည် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစည်းဆက်နွှယ် ချိတ်ဆက်မှုပိုမိုမြှင့်တင်သွားရေး၊ ကုန်သွယ်ရေးနှင့်စီးပွားရေးလုပ်ငန်းများ၊ ကျန်းမာရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နိုင်ငံဖြတ်ကျော်ငွေပေးချေရေးစနစ်အပါအဝင် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးစသည်တို့တွင် ပူးပေါင်းဆောင်ရွက်သွားရေးအပေါ် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

အလားတူအစည်းအဝေး၌ စွမ်းအင်နှင့်စားနပ်ရိက္ခာဖူလုံရေးတို့၏ အရေးကြီးမှုအပေါ် အလေးပေးပြောကြားခဲ့ပြီး ဘင်းမ်စတက် အနာဂတ်ဦးတည်ချက်များဆိုင်ရာ ထင်ပေါ်ကျော်ကြားပညာရှင်များအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများကျင်းပရေးတို့အပေါ် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးအတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များကို ရှင်းလင်းပြောကြားခဲ့ပြီး တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ် ဖောက်ကားမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် အတူတကွပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးအပေါ် တိုက်တွန်းပြောကြားခဲ့သည်။

အိမ်ရှင်အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာက ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များကို ညနေပိုင်းတွင် နယူးဒေလီမြို့ရှိ တာ့ဂျ်ပဲလေ့စ်ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Bay of Bengal Initiatives for Multi-Sectoral Technical and Economic Cooperation - BIMSTEC) သည် ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်း ထူထောင်ခဲ့သည့် ဒေသတွင်းအဖွဲ့အစည်း တစ်ရပ်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့်ထိုင်း စသည့် အဖွဲ့ဝင် (၇) နိုင်ငံပါဝင်သည်။ ဘင်္ဂလားပင်လယ်အော် ဒေသတွင်း နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဘင်းမ် စတက်၏ လက်ရှိပူးပေါင်းဆောင် ရွက်မှုကဏ္ဍ (၇)ခု ရှိသည့်အနက် မြန်မာနိုင်ငံသည်ဘင်းမ်စတက် “လယ်ယာစိုက်ပျိုးရေးနှင့်စားနပ် ရိက္ခာဖူလုံရေးကဏ္ဍ”၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူလျက်ရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)