ပွင့်ဖြူ ၊ ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ဆီထွက်သီးနှံ မိုးမြေပဲစိုက်ပျိုးခြင်းကို ယမန်နေ့အထိ ၆၉၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲစိုက်ဧက ၁၆၆၁ ဧက စိုက်ပျိုးရန် လျာထားပြီး ဇွန်လဆန်းက စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၆၉၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ ဆီထွက်သီးနှံ မိုးမြေပဲကို ဒေသတွင်းစားသုံးဆီဖူလုံ ပိုလျှံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့အတွက် တစ်မြို့နယ်လုံး မိုးမြေပဲစိုက်ဧက ၁၆၆၁ ဧက လျာထားစိုက်ပျိုးရာမှာ ယနေ့အထိ ၆၉၅ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးကြဖို့နဲ့ တစ်ဧကပန်းတိုင်အထွက်နှုန်း ရည်မှန်းချက် ပြည့်မီစေဖို့အတွက် တောင်သူတွေကို စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးနေပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံဝင်ငွေ တိုးပွားရေးနှင့် ဆီစားသုံးမှုဖူလုံပိုလျှံစေရေးအတွက် ဈေးကွက်ရှိသည့် မြေပဲ ၊ နှမ်း ၊ နေကြာ စသည့် ဆီထွက်သီးနှံများကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ ထိုသို့ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာ၌ ဒေသခံတောင်သူများက သီးနှံအလိုက်အထွက်နှုန်းများ ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စနစ်တကျ စိုက်ပျိုးဆောင်ရွက်ကြသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)
https://t.me/MyanmarNationalPost
No comments:
Post a Comment