နိုင်ငံတော်အစိုးရက ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်အစိုးရက ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်


ရန်ကုန်၊ ဇူလိုင် ၁၆

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည့်တိုင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မဇူးဇူးလှိုင်အား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူအေအီးနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန သက်ဆိုင်ရာပြည်နယ်ရဲတပ်ဖွဲ့နှင့် လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံသားအကျိုးစီးပွားမြှင့်တင်ရေးဝန်ကြီးဌာနတို့မှ အာဏာပိုင်များနှင့်ညှိနှိုင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မြန်မာနိုင်ငံသူ မဇူးဇူးလှိုင်သည် ဇူလိုင် ၁၄ ရက်က ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ဒူဘိုင်း - ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ယမန်နေ့ည ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံသူ မဇူးဇူးလှိုင်သည် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့သို့ အလုပ်လုပ် ကိုင်ရန်ရောက်ရှိစဉ် အေးဂျင့်ရုံးမှ နိုင်ငံကူးလက်မှတ်၊ ဖုန်းနှင့် ခရီးဆောင်အိတ်တို့ကို သိမ်းဆည်းထားခဲ့ပြီး အေးဂျင့်ရုံးနေရာခြောက်နေရာသို့ တစ်နှစ်အတွင်း ပြောင်းရွှေ့နေထိုင်ခဲ့ရသော်လည်း အလုပ်အကိုင်မရခဲ့သောကြောင့် နောက်ဆုံးတွင် အေးဂျင့်ရုံးတစ်ခုမှ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ဆက်သွယ်အကြောင်းကြားပေးမှုဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် စာရွက်စာတမ်းများရရှိရေးတို့ကို စီစဉ်ဆောင်ရွက်ပေးခဲ့ရာ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့ပြီး ယမန်နေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် အခက်အခဲကြုံတွေ့ခဲ့ရမှုနှင့်စပ်လျဉ်း၍ မဇူးဇူးလှိုင်က “ကျွန်မက ပြည်ခရိုင် ပေါက်ခေါင်းမှာနေပါတယ်။ အသက်က ၂၁ နှစ်ပါ။ ဒူဘိုင်းကိုရောက်တော့ လာခေါ်တဲ့အေးဂျင့်က အခန်းထဲပိတ်ထားတယ်၊ ဘယ်မှပေးမသွားဘူး။ နိုင်ငံကူးစာအုပ်၊ ဖုန်းနဲ့ ခရီးဆောင်အိပ်ကိုသိမ်းသွားတာ အခုပြန်တဲ့အချိန်အထိမရခဲ့ပါဘူး။ အေးဂျင့်ရုံး နေရာခြောက်နေရာပြောင်းပြီး နေခဲ့ရပေမယ့်အလုပ်မရခဲ့ပါဘူး။ တစ်နှစ်နဲ့ တစ်ပတ်ကြာခဲ့ပါတယ်။ အေးဂျင့်ရဲ့အားနည်းမှုကြောင့် အလုပ်လုံးဝမရခဲ့တာပါ။ တာဝန်လည်းလုံးဝမယူပါဘူး။ ရန်ကုန်အေးဂျင့်ကို ဆက်သွယ်လို့ရပေမယ့် သူကရန်ကုန်ကထွက်သွားကတည်းက ငါနဲ့မဆိုင်တော့ဘူးလို့ပြောပါတယ်။ ဒူဘိုင်းကအေးဂျင့်ကလည်း နင်ကရန်ကုန်အေးဂျင့်ရဲ့လူ ငါတို့နဲ့မဆိုင်ဘူးလို့ပြောတာကြောင့် အားကိုးလို့မရခဲ့ပါဘူး။ မြန်မာပြည်ကသွားကြတဲ့ အမျိုးသား၊ အမျိုးသမီးတော်တော်များများဟာ နောင်တရပြီး ပြန်လာကြတာများပါတယ်။ ကျွန်မအပါအဝင်ပါပဲ။ လုံးဝမသွားကြပါနဲ့လို့ ပြောချင်ပါတယ်။ အစားအစာဆိုရင် စားရတဲ့ရက်ရှိသလို မစားရတဲ့ ရက်လည်းရှိတယ်။ အချို့ဟာတွေက မြန်မာအစားအစာလိုမဟုတ်တော့ ဝလင်အောင်စားလို့ မရတာလည်းပါတယ်။ အားလုံးကူညီပေးခဲ့တဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက လူကြီးများနဲ့ အစ်ကိုများအားလုံးကို အလွန်ကျေးဇူးတင်ပါတယ်။ သမီးတစ်ဦးတည်းကိုမှမဟုတ်ပါဘူး သူတို့ကအားလုံးကို နွေးနွေးထွေးထွေးနဲ့ ကူညီပေးခဲ့ကြတာပါ။ ကျေးဇူးကြီးလှပါတယ်။ နိုင်ငံတော်အစိုးရက တာဝန်ရှိသူများနဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကူညီပေးခဲ့သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်” ဟု ပြောကြားသည်။

ယူအေအီးနိုင်ငံတွင် အခက်အခဲများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ထိုနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် အလုပ်ရှင်နှင့်အဆင် မပြေမှုဖြစ်ပေါ်ပါက မြန်မာပွဲစားများက တာဝန်ယူဖြေရှင်းပေးမှုမရှိသည့်အပြင် ဒူဘိုင်းအေးဂျင်စီရုံးများနှင့် အလုပ်ရှင်တို့က နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားခြင်း၊ ပွဲစားများက အေဂျင်စီရုံးအဆင့်ဆင့်ထံ လက်လွှဲအသုံးချခြင်းတို့ကို ကြုံတွေ့ကြရလျက်ရှိရာ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကလည်း အရှေ့အလယ်ပိုင်းနိုင်ငံများကို နှစ်နိုင်ငံသဘောတူညီချက်အရ တရားဝင်အလုပ်လုပ်ကိုင်ရန်စေလွှတ်မှုမရှိကြောင်း၊ မြန်မာအမျိုးသမီးများအား အဆိုပါနိုင်ငံတွင် အိမ်အကူအလုပ်လုပ်ရန်အတွက် တရားမဝင်အလုပ်လုပ်ကိုင်ရှာဖွေရေး အေဂျင်စီများမှ လိမ်လည် ပို့ဆောင်လျက်ရှိကြောင်း၊ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်ပါက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း အရေးယူခံရမည့်အပြင် အခြားမမျှော်မှန်းနိုင်သောအန္တရာယ်များ၊ လူကုန်ကူးခံရနိုင်သည့် အခြေအနေများနှင့် ကြုံတွေ့နိုင်ကြောင်း၊ ရေမြေခြား၊ ယဉ်ကျေးမှုမတူသည့် ပတ်ဝန်းကျင်တွင် မျက်နှာငယ်ရမည့်အပြင် မြန်မာနိုင်ငံသံရုံးမရှိသည့်နေရာများသို့ ရောက်ရှိနေပါက အကူအညီရရှိရန် အခက်အခဲရှိနိုင်ကြောင်းနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သွားရောက်ကြမည့်သူများအနေဖြင့် မိမိသွားမည့်ဒေသ၏ အခြေအနေမှန်အား လေ့လာသိရှိထားရန်လိုအပ်ကြောင်း အကြံပြုအသိပေးထုတ်ပြန်ထားသည်။

နိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလတွင် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံးမှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြပြီး ယခုလိုအမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သတင်းရရှိသည်။


ညိမ်းသူ (သတင်းစဉ်) ၊ ဓာတ်ပုံ - ကနူး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)