ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယာယီဖြုတ်သိမ်းထားသော လျှပ်စစ်ဓာတ်အားလိုင်းအား ဒေသခံပြည်သူများ လျှပ်စစ်မီးသုံးစွဲခွင့်ရရှိစေရန် ပြန်လည်တပ်ဆင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယာယီဖြုတ်သိမ်းထားသော လျှပ်စစ်ဓာတ်အားလိုင်းအား ဒေသခံပြည်သူများ လျှပ်စစ်မီးသုံးစွဲခွင့်ရရှိစေရန် ပြန်လည်တပ်ဆင်


ပွင့်ဖြူ၊ ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး၊  ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့မှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားသော (၁၁)ကေဗွီ ဓာတ်အားလိုင်းအား သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုမဖြစ်စေရန်နှင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် ယာယီဖြုတ်သိမ်းထားရှိရာ ယခုအခါ မြစ်ရေပြန်လည်ကျဆင်းသွားသဖြင့် ကျေးရွာနေပြည်သူများ လျှပ်စစ်ဓာတ်အား ပြန်လည်သုံးစွဲခွင့်ရရှိစေရန် ယနေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းနိုင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းပြီး ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းနိုင် ဦးဆောင်သော လျှပ်စစ်ဝန်ထမ်းများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မြစ်ရေဝင်ရောက်မှုကြောင့် ယာယီဖြုတ်သိမ်းထားသော ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ၊ ငှက်တောကုန်းကျေးရွာ၊ ကျွန်းကလေးကျေးရွာ၊ ဘီးဇပ်ခုံကျေးရွာ၊ ထူးကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာ၊ မြင်းခြံစုကျေးရွာ၊ အရှေ့လေးအိမ်ကျေးရွာနှင့် ပေါက်ကုန်းကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားသည့် (၁၁)ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်းတိုင်များ ပြန်လည်စိုက်ထူခြင်း ၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများသွယ်တန်းခြင်း၊ ၁၁/၀.၄ကေဗွီ၊ ၁၀၀ကေဗွီအေထရန်စဖော်မာ (၄)လုံး ပြန်လည်တပ်ဆင်တည်ဆောက်ခြင်း စသည့် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကျေးရွာနေပြည်သူများ လျှပ်စစ်မီးပြန်လည်အသုံးပြုနိုင်ရန် စနစ်တကျ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားလိုင်း ပြန်လည်တပ်ဆင်ပေးမှုကြောင့် ယခုအခါ မြစ်ကမ်းဘေးအနီး ကျေးရွာ(၈)ရွာမှ လျှပ်စစ်မီးသုံးစွဲသူဦးရေ ၄၃၇ ဦးအတွက် လျှပ်စစ်ဓာတ်အား ပြန်လည်သုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းနိုင်ထံက သိရသည်။ 


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)