ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပညာသင်ထောက်ပံ့ခြင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပညာသင်ထောက်ပံ့ခြင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ


နေပြည်တော်၊ ဇူလိုင် ၁၂

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားလျက်ရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအဖွဲ့အစည်းများမှ အကြီးအကဲများနှင့် ၎င်းတို့၏ ဇနီးများ၊ ဆုရရှိသူ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ၊ ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ဦးတည်ချက် (၉) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် အနာဂတ်ပညာရေး တိုးတက်ကောင်းမွန်စေရန် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဟူသည့် လူမှုရေးဦးတည်ချက် ပါဝင်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်းရှိသော ပညာတတ်များစွာ ပေါ်ထွန်းလာရေး အားပေးမြှင့်တင်လျက်ရှိကြောင်း၊ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝန်ထမ်းသားသမီးများထဲမှ ဘာသာစုံဂုဏ်ထူးရှင် ခုနစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၄ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁၄ ဦးအပါအဝင် ဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၂၇ ဦးတို့ကို “ချီးမြှင့်ထိုက် သူကို ချီးမြှင့်ခြင်း” ဟူသည့် မင်္ဂလာတရားတော်နှင့်အညီ ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုရိုးစကားအတိုင်း နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်ရာ ပညာထူးချွန်သော လူတော်လူကောင်းများ ဖြစ်လာစေရေး၊ ဘက်စုံထူးချွန်သူများ ဖြစ်လာစေရေး အစဉ်ကြိုးပမ်းသွားကြရန်၊ အဆင့်အတန်းမြင့်မားသည့်ပညာရပ်များကို ကြိုးစားသင်ယူပြီး မိမိအကျိုး၊ မိသားစုအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သည့် ထူးချွန်ထက်မြက်သည့် လူငယ်များ ဖြစ်လာကြစေရေး ကြိုးပမ်း ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသည့် ဝန်ထမ်းများ၏ သား၊ သမီးများအတွက် ကျောင်းသုံးစာရေးကိရိယာများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများကို ဆုများ ချီးမြှင့်ပေးအပ်ကြသည်။

ယင်းနောက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းအတွက် ဝန်ထမ်းတစ်ဦးကလည်းကောင်း၊ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများကိုယ်စား ဆုရရှိသည့် ကျောင်းသားတစ်ဦးကလည်းကောင်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြပြီး ဆုရရှိသူ ကျောင်းသား/ ကျောင်းသူများ၊ မိဘများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယနေ့အခမ်းအနားတွင် အခြေခံပညာအဆင့် ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူ ၁၆၁၇၇ ဦးအတွက် ကျောင်းသုံးစာရေးကိရိယာနှင့် ဗလာစာအုပ်များ၊ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ၁၂၇ ဦးကို ဂုဏ်ပြုလွှာနှင့် ဆုငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)