ဟာသပညာရှင်များအနေဖြင့် မိမိတို့တတ်စွမ်းသည့် ပညာရပ်များကို နိုင်ငံ့အရေးနှင့် ပြည်သူများအတွက် ဆက်လက်စွမ်းဆောင်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟာသပညာရှင်များအနေဖြင့် မိမိတို့တတ်စွမ်းသည့် ပညာရပ်များကို နိုင်ငံ့အရေးနှင့် ပြည်သူများအတွက် ဆက်လက်စွမ်းဆောင်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား


















နေပြည်တော်၊ ဇူလိုင် ၈

မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး (ဗဟို) က ကျင်းပသည့် (၁၄)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များအား ဂါရဝပြုကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ Plenary Hall ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးရဲတင့်နှင့် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကန်တော့ခံသက်ကြီးဟာသပညာရှင်များ၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး (ဗဟို)မှ နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဟာသပညာရှင်များ၊ အနုပညာနယ်ပယ်အသီးသီးမှ အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အခမ်းအနားကျင်းပမှုနှင့်စပ်လျဉ်း၍ မုဒိတာစကားပြောကြားရာတွင် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)အနေဖြင့် သက်ကြီးဟာသပညာရှင်ကြီးများကို နှစ်စဉ်ပူဇော်ကန်တော့ခဲ့သည်မှာ ယခုဆိုလျှင် (၁၄)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများကို ပူဇော်ကန်တော့ခြင်းသည် ကောင်းမွန်သော မင်္ဂလာတရားတော်နှင့်အညီ ပြုလုပ်ကြသည့် အစဉ်အလာကောင်းတစ်ခုဖြစ်သည့်အတွက် သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲများကို မြန်မာ့ယဉ်ကျေးမှုအနေဖြင့် အစဉ်ထာဝရထိန်းသိမ်းကြရမည်ဖြစ်ကြောင်း။

ဟာသလူရွှင်တော်ကြီးများသည် မိမိတို့နိုင်ငံ၏ ဘာသာ၊ သာသနာနှင့် တိုင်းပြည်အကျိုးကို တတ်စွမ်းသရွေ့ကျရာကဏ္ဍမှ ဟာသပညာဖြင့် စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ကြီး ဟာသပညာရှင်များအနေဖြင့်လည်း မိမိတတ်ကျွမ်းသည့် အသိပညာ၊ အတတ်ပညာများကို လူငယ်မျိုးဆက်သစ်များအား ဟာသပညာအပါအဝင် မြန်မာ့အနုသုခုမပညာရပ်များကို သင်ကြားပေးလျက်ရှိပါကြောင်း၊ ရုပ်ရှင်ဇာတ်ကားများကို ပါဝင်သရုပ်ဆောင်ရာတွင်လည်း ဟာသအခန်းများတွင်သာမက ကျရာဇာတ်ရုပ်များတွင် ပီပြင်စွာ သရုပ်ဆောင်နိုင်ခြင်း၊ ပြည်သူများ၏ စိတ်ညစ်ညူးမှုများ၊ အဆင်မပြေမှုများကို ပျော်ရွှင်စေအောင် ဟာသပညာဖြင့် စွမ်းဆောင်မှုပေးခြင်းများ ဆောင်ရွက်နေကြပါကြောင်း။

အသက်အရွယ်ကြီးမြင့်သည့် ဟာသပညာရှင်ကြီးများသည်လည်း အသက်အရွယ်ကြီးမြင့်သည့်တိုင် အနားယူမှုမရှိဘဲ မိမိတို့ဝါသနာပါသည့် ပြည်သူ့အကျိုးပြု အနုပညာလှုပ်ရှားမှုများကို ဆောင်ရွက်နေသကဲ့သို့ လူမှုရေးနယ်ပယ်တွင်လည်း ပရဟိတလုပ်ငန်းများကို ကြိုးစားဆောင်ရွက်နေသည်ကို တွေ့မြင်ရပါကြောင်း။

ယခုကဲ့သို့ တက်တက်ကြွကြွဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ပေးနေသည့် ဟာသပညာရှင်ကြီးများကို နိုင်ငံတော်အနေဖြင့်လည်း စွမ်းဆောင်မှုဆိုင်ရာ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်တံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ဟာသပညာရှင်များအနေဖြင့် မိမိတို့တတ်စွမ်းသည့် ပညာရပ်များကို နိုင်ငံ့အရေးနှင့် ပြည်သူများအတွက် ဆက်လက်စွမ်းဆောင်ပေးစေလိုပါကြောင်း၊ ပြည်သူများ၏ ဘဝအမောများကို ဖြေသိမ့်ပေး၍ ပြုံးပျော်ရွှင်စေသူများမှာ ဟာသပညာရှင်များပင်ဖြစ်ပါကြောင်း၊ ဟာသပညာရှင်များအနေဖြင့် အနာဂတ်တွင် ပြည်သူများ ပျော်ရွှင်စေရန် အနုပညာစွမ်းအားဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ရည်ရွယ်ချက်ကောင်းကောင်း၊ လှုပ်ရှားဆောင်ရွက်မှုကောင်းကောင်းဖြင့် ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းကြီးအနေဖြင့် ယခုထက်ပိုပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး၊ အနုပညာအကျိုးများ ဆက်လက်ဆောင်ရွက်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဥက္ကဋ္ဌ ဦးဒိန်းဒေါင်က မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် “ဟာသပညာထူးချွန်ဆု”၊ “ဟာသပညာပံ့ပိုးမှု ထူးချွန်ဆု”၊ “ဟာသပညာဖန်တီးမှု ထူးချွန်ဆု” နှင့် ပရဟိတထူးချွန်မှု ဂုဏ်ပြုမှတ်တမ်းလွှာ” များ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို ဆက်လက်ကျင်းပသည်။

ဦးစွာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဟာသပညာထူးချွန်ဆု” ရရှိသည့် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ခင်လှိုင်နှင့် မြင့်မြတ်တို့ကိုလည်းကောင်း၊ “ပရဟိတထူးချွန်မှု ဂုဏ်ပြုမှတ်တမ်းလွှာ” ရရှိသည့် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ထူးခန့်ကျော်ကိုလည်းကောင်း ထူးချွန်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ဦးဒိန်းဒေါင်အား ဂုဏ်ပြုအမှတ်တရပစ္စည်းပေးအပ်ချီးမြှင့်သည်။

ထို့နောက် ‘ဟာသပညာထူးချွန်ဆု’ နှင့် ‘ပရဟိတထူးချွန်မှု ဂုဏ်ပြုမှတ်တမ်းလွှာ’ ရရှိကြသူများက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြသည်။

ယင်းနောက် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်ယဉ်လတ်နှင့် ပုဏ္ဏမီတို့က “ညီလေး” သီချင်းဖြင့်လည်းကောင်း၊ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် စိုးသူက “ကြည်ဖြူပါ” သီချင်းဖြင့်လည်းကောင်း၊ အငြိမ့်မင်းသမီး ကေတုမတီဘိုမက “ထန်းရွက်ပုတီး” သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က “ဟာသပညာထူးချွန်ဆု” ရရှိခဲ့ကြသည့် အနုပညာရှင်မာမီသက်နှင့် မိုးညိုတို့ကိုလည်းကောင်း၊ “ဟာသပညာပံ့ပိုးမှုထူးချွန်ဆု” ရရှိသည့် အနုပညာရှင်အုန်းဒိုင်းကိုလည်းကောင်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများက ကျေးဇူးတင်စကားများ ပြောကြားကြသည်။

ထို့နောက် ဖိုက်စတားအဖွဲ့က စိတ်ရယ်မောပျော်ရွှင်ဖွယ်ရာ ဟာသပြက်လုံးများဖြင့်လည်းကောင်း၊ နိုင်ငံကျော်အနုပညာရှင်များက တေးသီချင်းများဖြင့်လည်းကောင်း သီဆိုဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက “ဟာသပညာဖန်တီးမှုထူးချွန်ဆု” ရရှိခဲ့ကြသည့် အနုပညာရှင် ချစ်ချော၊ ပေါ်ဦး၊ ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး)နှင့် ဒါရိုက်တာ မောင်သီတို့ကို ဆုများပေးအပ်ချီးမြှင့်ပြီး ဆုရရှိသူများကိုယ်စား ကိုဇော်(အာရုဏ်ဦး)က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် နိုင်ငံကျော်အနုပညာရှင်များ၊ အဆိုတော်များနှင့် ဟာသအနုပညာရှင်များက တေးသီချင်းများ၊ ရယ်မောပျော်ရွှင်ဖွယ် ဟာသပြက်လုံးများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ဦးဒိန်းဒေါင်က အစည်းအရုံး၏ ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့ကြသည့်အတွက် “လုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံးဆု” ရရှိခဲ့ကြသည့် ဟာသအနုပညာရှင် ဦးဒေါင်းရှိန်၊ ဦးချစ်စံ၊ ဦးထက်လင်း၊ ဦးမင်းထိုက်၊ ဦးပေါ်ပေါ်၊ အငြိမ့်မင်းသမီး ဒေါ်ဝါဝါခိုင်၊ ဦးစန်းဝင်းမောင်၊ ဦးအောင်ချစ်၊ ဦးလန်ဒန်နှင့် ဦးသော်သော်တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးမှ ဟာသပညာရှင်များက  သက်ကြီးဟာသပညာရှင်ကြီးများအား စုပေါင်းကန်တော့ကြပြီး ကန်တော့ခံသက်ကြီးဟာသအနုပညာရှင်များကိုယ်စား သက်ကြီးဟာသအနုပညာရှင် ဦးပေါ်လေးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သက်ကြီးဟာသပညာရှင်များကို ကန်တော့ခံပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အဖြစ် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)ဒုတိယအကြိမ် မြောက်ညီလာခံကို ဆက်လက်ကျင်းပပြီး မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးအနေဖြင့် ဟာသအနုပညာရှင်များ လောကဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရှိဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

မွန်းလွဲပိုင်းတွင် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးအဖွဲ့ဝင်များသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)