သံတောင်ကြီး၊ ဇူလိုင် ၂၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသမြို့ဖြစ်သည့်အားလျော်စွာ ဇူလိုင်လ ၂၅ ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ယမန်နေ့ညပိုင်းတွင် မြေပြိုမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြေပြိုမှုများကြောင့် သံတောင်ကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ဦးစောခယ်ဖေး၏ နေအိမ်အဆောက်အအုံ သွပ်မိုးအုတ်ကာနံရံ(၁၀)ပေ(၂)ခန်းပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ်(၁၅၀၀၀၀)၊ အမှတ်(၃)ရပ်ကွက်မှ ဦးစောယာကုပ်၏နေအိမ်အဆောက်အအုံ သွပ်မိုးထရံကာမြေစာများပိ၍ ပျက်စီးခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးကျပ်(၃၀၀၀၀၀)၊ အမှတ်(၄)ရပ်ကွက်နော်ဟဲလိုနေအိမ်အဆောက်အဦ သွပ်မိုးသွပ်ကာနံရံ (၁၅)ပေပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ်(၃၀၀၀၀) အမှတ်(၂)ရပ်ကွက် ဦးစောဖရိုက်၏နေအိမ်အဆောက်အအုံ သွပ်မိုးအုတ်ကာနံရံ(၁၀)ပေခန့်ပျက်စီးခဲ့ပြီး အမှတ်(၄)ရပ်ကွက်ဦးစောဘာဂေထူး၏ နေအိမ်အဆောက်အအုံ သွပ်မိုးအုတ်ကာနံရံအက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် မိုးသည်းထန်စွာဆက်လက်ရွာသွန်းမှုကြောင့် သံတောင်ကြီးမြို့ရပ်ကွက်(၂)ကားလမ်းဘေးနှင့် သံတောင်ကြီး-တောင်ငူကားလမ်းတစ်ချို့နေရာများတွင် မြေပြိုမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမြေပြိုမှုများကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်ပျက်စီးမှုမရှိခဲ့ပါကြောင်းနှင့် ပျက်စီးဆုံးရှုံးသောနေအိမ်များမှ မိသားစုဝင်များအား ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် အများပြည်သူများမှ ရှင်းလင်းရေးများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ
#MyanmarNationalPost
No comments:
Post a Comment