ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေး





ရန်ကုန်       ၊ ဇူလိုင်       ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ယနေ့နံနက်ပိုင်းအချိန်က ကျောင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။


ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများက ကဗျာလွတ်အကဖြင့် ကြိုဆိုခဲ့ကြသည်။ ဆက်လက်၍ ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဦးအောင်မြတ်စိုး၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ သင်္ဃန်းကျွန်းခရိုင်စီံမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်၊ ရန်ကင်း မြို့နယ်မှ မြို့မိမြို့ဖ ဦးမောင်မောင်လွင်တို့က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ကျင်းပပြုလုပ်သည့် စာအုပ်စာစောင်နှင့် ဓာတ်ပုံပြခန်းများ၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်နှင့် ရန်ကင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများ၏ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများ စသည့်ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုနှင့် စာအုပ်အရောင်းဆိုင် တို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


ဆက်လက်ပြီး ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ ပညာဘဏ်တိုက် စာကြည့်တိုက် ” သီချင်းဖြင့်လည်းကောင်း၊ “ သွေးချင်းတို့မြေ ” သီချင်းဖြင့်လည်းကောင်း ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာ စကားပြောကြားရာတွင် “ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုစကားနဲ့အညီ ကျောင်းသားလူငယ် မောင်မယ်များဟာ နိုင်ငံရဲ့ မျိုးဆက်သစ်ကလေးများဖြစ်ပါကြောင်း၊ အမိနိုင်ငံတော်အတွက် အရေးပါလှတဲ့ အဖိုးတန် လူ့စွမ်းအားအရင်းအမြစ်များလို့ ဆိုရမှာ ဖြစ်ပါကြောင်း၊ လူငယ်တွေ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ဖို့ စာအုပ်စာပေတွေကို ချစ်မြတ်နိုးစွာ ဖတ်ရှုလေ့လာဖို့လိုအပ် ပါကြောင်း၊ စာအုပ်စာပေထဲက အကျိုးရှိတဲ့ အနှစ်သာရတွေကို ကောက်နုတ်မှတ်သားပြီး မိမိဘဝအတွက်၊ နိုင်ငံအတွက် အသုံးချ ရမှာဖြစ်ပါကြောင်း၊ စာဖတ်ခြင်းက အသိပညာဗဟုသုတ ရရှိနိုင်တဲ့အပြင် လေ့လာတွေ့ရှိချက်များအရ ဦးနှောက်ကျန်းမာရေး ကောင်းမွန်ခြင်း၊ မှတ်ဉာဏ်စွမ်းအား ကောင်းမွန်ခြင်း၊ အာရုံစူးစိုက်မှု အားကောင်းခြင်း၊ စိတ်ဖိစီးမှု လျော့နည်းခြင်း စတဲ့အကျိုး ကျေးဇူးတွေကိုလည်း ခံစားရရှိနိုင်မှာဖြစ်ပါကြောင်း၊  ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ၏ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနဲ့ ဘောဂဗလ စသည့်ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့အရည်အသွေး၊ အရည်အချင်းတွေ ဖြည့်ဆည်းပေးရမှာပဲ ဖြစ်ပါကြောင်း၊ ဒီလိုအရည်အသွေးတွေ ဖြည့်ဆည်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ စာဖတ် ခြင်းပဲဖြစ်ပါကြောင်း၊ စာဖတ်ခြင်းက စာဖတ်သူအတွက် အသိပညာကျယ်ပြန့်စေရုံသာမက စိတ်နှလုံးကိုလည်း နူးညံ့သိမ်မွေ့စေ သလို ကောင်းမှု မကောင်းမှု၊ အမှန်အမှားတို့ကို ခွဲခြားသိမြင်နိုင်ပါကြောင်း၊ ဗဟုသုတကြွယ်ဝစေရုံသာမက စကားလုံးဝေါဟာရတွေ လည်း တိုးပွားစေပါကြောင်း၊ စကားပြောဆိုရာမှာလည်း လိမ္မာပြေပြစ်ပြီး၊ ပညာသားပါပါ ၊ ချိုချိုသာသာ ပြောဆိုနိုင်စွမ်းရှိပါ ကြောင်း၊ တိုးတက်ကြီးပွားလိုသူတိုင်း ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါလို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ လူငယ်ဘဝမှာ စာဖတ်တဲ့ အလေ့အကျင့်ကောင်းကို စွဲမြဲစွာ ရရှိသွားမယ်ဆိုရင် ဘဝတစ်လျှောက်လုံးမှာ တစိုက်မတ်မတ် စာပေကို ဖတ်မှတ်တဲ့ အစဉ်အလာ ကောင်းကို ရရှိစေမှာ ဖြစ်ပါကြောင်း၊ ဒါကြောင့်လည်း ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များအနေနဲ့ စာပေကို တန်ဖိုးထား ချစ်မြတ်နိုးလာစေဖို့၊ စာပေလေ့လာဖတ်ရှုတဲ့ အလေ့အထတွေ ရရှိစေဖို့၊ စာပေဖတ်ရှုလေ့လာမှုကနေ တိုင်းချစ်ပြည်ချစ် မျိုးချစ် စိတ်ဓာတ်တွေ ရှင်သန်ဖို့၊ ကျောင်းစာကြည့်တိုက်တွေ အသုံးပြုတတ်စေဖို့ အခုလို ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတွေကို နိုင်ငံတစ်ဝန်းလုံး ကျင်းပပေးနေတာ ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အားဖြင့် ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များအနေနဲ့ အခုလို ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန် မြှင့်တင်ရေး လှုပ်ရှားမှုတွေကနေတစ်ဆင့် စာပေချစ်မြတ်နိုးတဲ့ အလေ့အထတွေ ရရှိကြပါစေ။ စာပေဟောပြောပွဲကတစ်ဆင့် အသိပညာ ဗဟုသုတတွေ တိုးပွားရရှိပြီး ပညာရည်ပြည့်ဝသူတွေ ဖြစ်ကြပါစေ။ ကျောင်းစာကြည့်တိုက်တွေကို အသုံးပြုပြီး စာပေ ဖတ်ရှုသည့် အခြေခံကောင်းတွေ ရရှိပိုင်ဆိုင်တဲ့ နိုင်ငံ့သားကောင်း၊ သမီးမွန်တွေ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ရပါတယ် ” စသည် ဖြင့် ပြောကြားခဲ့သည်။


ဆက်လက်ပြီး ရန်ကင်းပညာရေးဒီဂရီကောလိပ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော လက်သန့် ဆေးရည်များ၊ ဓာတ်ဆားထုပ်များနှင့် သုတ/ရသစာအုပ်(၁၅၀)အုပ်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်ရာ ရန်ကင်း ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဦးအောင်မြတ်စိုးက လက်ခံရယူခဲ့ပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး အတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူခဲ့သည်။ 


ထို့နောက် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က “ စာဖတ်ခြင်း၏ အကျိုး ကျေးဇူး " ခေါင်းစဉ်ဖြင့် စာပေဆိုင်ရာများကို ဟောပြောခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က  အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခဲ့သည်။ ယင်းနောက် ရန်ကင်းမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား / ကျောင်းသူလေးများက " အမျိုးသားစာပေ ယဉ်ကျေးမှုအမွေ " တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး  ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ကျင်းပပြုလုပ်သည့် ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ထူးချွန်ဆုများကိုလည်းကောင်း၊ ကပြဖျော်ဖြေခဲ့ကြသည့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုများကိုလည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)