ဝိဇ္ဇာ အဟုတ်ကောင်းပညာကို လိပ်ပြာနှုတ်ကာ ဂျောင်းလို့နှင်ချထားသည့် ပညာရေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝိဇ္ဇာ အဟုတ်ကောင်းပညာကို လိပ်ပြာနှုတ်ကာ ဂျောင်းလို့နှင်ချထားသည့် ပညာရေး


သမ္မတကြီးဦးသိန်းစိန် ပြည်ခိုင်ဖြိုးအစိုးရ မပြောင်းမီ ၁၂ ရက်အလို ၁၉. ၃. ၂၀၁၆ တွင် ပညာရေးဌာနက လုပ်ငန်းခွင် အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် ၃/၁၆ ခေါ်ယူခဲ့သည်။ ကြေညာပုံကိုကြည့်ပါ။ (အခြေခံပညာတွင်/ လိုအပ်ချက်အရ/ တက္ကသိုလ် တခုခုမှသိပ္ပံဘွဲ့ရရှိပြီးသူများသာ ဖြစ်ရမည်) တဲ့။ NLD အစိုးရလက်ထက် စတင်မည့် KG+၁၂ တန်းတွင် မူလတန်းပညာကို သိပ္ပံဘွဲ့ရဆရာများဖြင့်သာ ချီတက်မည်ပေါ့။ မောင်ဌေးက မသင့်တော်ကြောင်း စောင့်ကြည့်နှင့် သံတော်ဆင့်ဂျာနယ်မှာရေးလိုက်တော့၊ ဝိဇ္ဇာ တွေကို နောက်တပတ်တွင် ထပ်မံခေါ်သည်။ နည်းနည်ပါးပါးလေးတိုးခေါ်ခဲ့သည်ပေါ့။ ဤစာစုသည် ယခင် နယကအစိုးရ၊ ပြည်ခိုင်ဖြိုး နှင့်NLD အစိုးရတို့ခေတ် ပညာရေးစီမံသူတွေကော ယခု နစက အစိုးရခေတ်ထိ ပညာရေးစီမံသူတွေကပါ  ဝါဇိတ်တွေ စာမလိပ်၍ အသာပဲအိပ်နေကြရန် ပညာရေးကို စီမံနေကြဆဲဖြစ်၍ ဝိဇ္ဇာအဟုတ်ကောင်း ပညာကို လိပ်ပြာနှုတ်ကာ ဂျောင်း=နှင်ထုတ်ထားကြောင်း နိုင်ငံတော်နှင့် လူထုသို့ တင်ပြသည့်စစ်တမ်းဖြစ်ပါသည်။ (စာဖတ်သူသိစေလိုသည်က ယခင်ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရခေတ် ၃ခေတ်=1995-2020 ပြောင်းသော်လည်း ယနေ့ နစက အစိုးရ ထိပညာရေးစီမံသူများမှာ မပြောင်းလဲကြောင်း၊ ကောင်းနေသော ပညာရေးကိုပျက်သွားအောင် စီမံပြီးပညာရေးပြုပြင်သည်ဆိုကာ နှစ်၃၀မက ပညာရေးမူဝါဒပြုပြင်မှု လုပ်ပိုင်ခွင့်အာဏာကို ခေတ်အဆက်ဆက် အစိုးအဆက်ဆက် ယူထားကာ ပညာရေးကောင်းနေသည်ကို မကောင်းအောင်၊ မကောင်းသည်ကို ပိုဆိုးသွားအောင် လုပ်နေကြဆဲဖြစ်သော ပညာရေးအာဏာရှင်များဖြစ်ကြောင်း သိစေလိုပါသည်။)

လွတ်လပ်ပြီး မြန်မာနိုင်ငံ၏ ပညာရေးကို ဦးဆောင်စီမံသူများကို သုံးသပ်ကြည့်သောအခါ - ပညာရှိသူတော်ကောင်းပီသသည်၊ နိုင်ငံနှင့်လူမျိုးအကျိုးကို ကိုယ်ကျိုးမပါ ပညာစေတနာအားကောင်းစွာ ဆောင်ရွက်နိုင်သူများဖြစ်သည်ကို တွေ့ရပါသည်။ ၎င်းကို သူတို့လုပ်ဆောင်ချက်တွေက ပြထားပါသည်။ ထိုကာလမှာ ၁၉၄၈ မှ ၁၉၈၃ ထိ ဖြစ်ပြီးပညာရေး A မျိုးဆက်ဆရာကြီး (ဇော်ဂျီ၊ မင်းသုဝဏ်၊ ပညာမင်းကြီးဦးချို) စသူတို့သည် ထင်ရှားသည့် ပညာရှိသူတော်ကောင်း ပညာရေးစီမံဦးဆောင်သူများ ဖြစ်ပါသည်။

၁၉၈၄ မှာဆရာကြီးဇော်ဂျီ ဦးဆောင်သော သင်ရိုးအဖွဲ့ ဖယ်ရှားကာ သင်ရိုးပြုစုသည့်အဖွဲ့သစ် ပေါ်လာပါသည်။မြန်မာစာအဖွဲ့တွင် ဆရာကြီး(ဇော်ဂျီ၊ မင်းသုဝဏ်တို့ တပည့်)ဆရာတင်မိုးပါဝင်ခဲ့၍ မြန်မာစာ ပျက်မသွားပါ။  မြန်မာသဒ္ဒ ါသင်ရိုးသစ်ပြုစုသင်ကြရရာ ၁၉၄၈ မှ ၁၉၈၃ထိ သင်ကြားသင်ယူခဲ့ရသော ဆရာကြီး ဦးဖေမောင်တင်၏ သဒ္ဒါကိုအခြေခံထား၍ ပိုမိုပြည့်စုံစနစ်ကျသည်။ ယခု KG+12 စနစ်အရ ယနေ့မြန်မာစာပါရဂူ စူးရောက်ဒေါက်တာများ ပြုစုသော လယ်ထက်သဒ္ဒါကား ဆရာကြီးဦးဖေမောင်တင်သဒ္ဒါကိုရော ၁၉၈၄က သဒ္ဒါကျမ်းကိုပါ ဖျက်ဆီးထားသည့် သင်ရိုးဖြစ်သည်။၂၀၀၀ပြည့်နှစ်ထိလည်း ဆရာဇော်ဂျီတို့ အရိပ်လွှမ်းမိုးဆဲမို့သမိုင်း၊ ပထဝီဘာသာတို့ သင်ရိုးပြုပြင်မှုတွေ မပျက်စီးသေး။

   

၂၀၀၁ မှ၂၀၂၄ ထိသင်ရိုးပြုပြင်သူများသည် ပညာလည်းမရှိ၊ သူတော်ကောင်းနှလုံးသားလည်းမရှိသည်ကို ၎င်းတို့ခဏခဏပြုပြင်သော (၁)သင်ရိုး(၂)စာမေးပွဲပုံစံ (၃)ကျောင်းစစ်ဆေးနည်းစနစ် (၄)ရာထူးတိုးခြင်း (၅)ခန့်ထားပြောင်းရွှေ့ စသည့်စနစ်များ၊ အရူးချေးပါသလို ထင်ရာလုပ်မှုများက မငြင်းနိုင်သောသက်သေများဖြစ်ပါသည်။ စာဖတ်သူမြင်ရန် စာမေးပွဲပုံစံကိုသာ နောက်ကြောင်းပြန်စစ်ပြပါမည်။ 

၁. ၁၉၆၅ မှ ၇၇ထိ ရှစ်တန်း အစိုးရစစ်။ အထက်တန်းအတွက် ဝိဇ္ဇာသိပ္ပံခွဲစနစ်။

၂.၁၉၇၇ မှ ၁၉၈၁ ထိ ရှစ်တန်းကိုယ့်မြို့ နယ်ကိုယ်စစ်။  ၉-၁၀ တန်းသိပ္ပံ၊ ဝိဇ္ဇာပေါင်းစနစ်။

၃.၁၉၈၂ မှ ၁၉၉၄ ထိတပြည်လုံး အစိုးရပြန်စစ်။ ဝိဇ္ဇာ၊ သိပ္ပံ ပြန်ခွဲခေတ်။

၄.၁၉၉၅ မှ၂၀၀၀၊ ဆယ်တန်းမှတပါးကျန်အတန်းများနေအောင် CAPS စနစ်။ သိပ္ပံ ဝိဇ္ဇာ ပြန်ပေါင်းဖြစ်။ 

၅. ၂၀၀၁ မှ ၂၀၂၃ ထိ သိပ္ပံ-ဝိဇ္ဇာ ခွဲလည်းခွဲ၏။ တွဲလည်း တွဲ၏။၂၃နှစ်ကြာ ခွဲ-တွဲ ဘာသာတွဲ ၈ မျိုးရှိ။ အခွဲ၄ တွဲမှာ(က) ဓာတု၊ ရူပ၊ ဇီဝ (ခ)ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ (ဂ)ပထဝီ၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာ (ဃ)သမိုင်း၊ ဘောဂ၊စိတ်ကြိုက်မြန်မာစာ ဖြစ်သည်။ (က)သည် သိပ္ပံဘာသာတွဲစစ်စစ်ဖြစ်ပြီး (ခ၊ဂ၊ဃ)မှာ ဝိဇ္ဇာတွဲစစ်စစ်ဖြစ်သည်။ ဝိဇ္ဇာ+သိပ္ပံ ဘာသာအတွဲ ၄ ခုမှာ (က)ဘောဂ၊ဓာတု၊ရူပ (ခ)သမိုင်း၊ဓာတု၊ရူပ (ဂ)ပထဝီဝင်၊ဓာတု၊ရူပ (ဃ)စိတ်ကြိုက်မြန်မာစာ၊ဓာတု၊ရူပ ဖြစ်သည်။

၆. ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်တန်း ၁၂ တန်းမှစ၍ KG+12 တန်းစနစ် အရဘာသာတွဲ ၄မျိုးမှာ (က) ဓာတု၊ရူပ၊ဇီဝ (ခ)ဓာတု၊ရူပ၊ဘောဂ (ဂ)ပထဝီ၊သမိုင်း၊ဘောဂ (ဃ)ပထဝီ၊သမိုင်း၊စိတ်ကြိုက်မြန်မာစာ ဖြစ်သည်။ အတွဲ ၈ တွဲကော  ၄ တွဲပါ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ တို့မှာမသင်မနေရဖြစ်သည်။

ထိုသို့ (စိတ်ရူး) ပေါက်ရာ ခွဲထားတာကိုပေါင်း။ ပေါင်းပြီးခွဲ။ နောက်ပြန်တွဲ။ ခွဲလည်းခွဲ၊ တွဲလည်းတွဲသည့် စနစ်တို့ကို ထင်သလို ဖန်တီးနေသူများ။ ခွဲတာလည်း သူတို့၊ ပေါင်းတာလည်းသူတို့။ ယခု အတွဲ ၈ တွဲထားတာလည်းသူတို့။  ၈တွဲမှ ၄တွဲထားတာလည်း သူတို့။

အော်-သူတို့။ သူတို့။ သူတို့သည်ကား ဦးနေဝင်းခေတ် ဆရာဇော်ဂျီတို့ ဦးဆောင်သည့် ဝိဇ္ဇာသိပ္ပံသင်ရိုးကောင်းတို့ကို  မပြင်သင့်ဘဲ ပြင်လာကြရာ သင်ရိုးတို့တဖြည်းဖြည်းညံ့ညံ့လာပြီး ၂၀၁၆ KG +12 သင်ရိုးကတော့ လုံးဝဥဿုံဖျက်ဆီးထားနိုင်လိုက်ပြီ။ အထူးသဖြင့် မြန်မာ၊ အင်္ဂလိပ်၊ သမိုင်း ဘာသာရပ်တို့က သိသာထင်ရှားသည်။

ပညာရေးနိမ့်ကျ အောင် လုပ်ခဲ့ပြီးမှ ယခု ပညာရေး ပြုပြင်ပြောင်းလဲမြှင့်တင်အောင် စီမံကိန်းဦးဆောင်တော့လည်း သူတို့ပင်။စနစ်သစ်ဟုဆိုပြီး၁၉၉၅ ကသူတို့ဖျက်ဆီး၍မပျက်စီးဘဲကျန်နေသည်တို့ကို ၂၀၁၆ တွင်အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းချပြီးအမျိုးသားစိတ်ဓာတ်တို့ခမ်းခြောက်သွားအောင်မြန်မာစာ၊အင်္ဂလိပ်စာ၊သမိုင်းဘာသာရပ်သင်ရိုးတို့ကိုစနစ်တကျဖျက်ဆီးထားလိုက်ပြီ။

ဆယ်တန်း ဘာသာတွဲ ၈ တွဲမှာကော ၄ တွဲမှာပါ အတွဲ(၁) ယူသူမည်မျှ၊ (၂) မည်မျှဟု အသိပေးခြင်းမရှိ။ စိတ်ကြိုက်မြန်မာစာမှာ သင်ကြားပေးနိုင်စွမ်းရှိသည့် ဆရာမရှိ။ ၁၉၈၇ - ၉၄ တုန်းက လည်း ဝိဇ္ဇာတွဲတွင် စိတ်ကြိုက် အင်္ဂလိပ်စာထားရာ သင်ပြနိုင်သူမရှိ၍ တပည့်ကသင်လိုသော်လည်း ပညာရေးဌာနက မပေးနိုင်။

ပညာရေးဝန်ကြီး ဒေါက်တာညီညီခေတ်၊ ၁၉၆၄ ပညာရေးမူဝါဒအရ သိပ္ပံကို ဦးစားပေးမည်ဆိုသော်လည်း ဝိဇ္ဇာသမားတို့ကို မနှိမ်ခဲ့သလို ဝိဇ္ဇာ ဘာသာကိုလည်း ဖျောက်ဖျက်မပစ်ပါ။ ဝိဇ္ဇာဘာသာကို ပျောက်ကွယ်သွားစေရန် စီမံခဲ့သည်မှာ ၂၀၀၁ ခုနှစ်ကစသည်။ ပညာရေးနှင့်အလှမ်းဝေးလျှင်၊ နိုင်ငံရေးဖြစ်စဉ်များကိုမသုံးသပ်တတ်လျှင်၊၁၉၉၅ မှ ၂၀၂၄ ထိပညာရေး၌ ငါတကော-ကော စီမံသူအထက်လူကြီး အမည်ခံပညာရှင်များကို မဝေဖန်ရဲလျှင် ဝိဇ္ဇာဘာသာ သင်ယူသူ တို့ မရှိအောင် ဖန်တီးပုံကို သတိထားမိမည် မဟုတ်ပါ။

နိုင်ငံနှင့် လူမျိုးအတွက်ပညာရေးကိစ္စမို့ ၂၀၀၁ နှင့် ၂၀၁၆ KG+12 စနစ် အထက်တန်း၌ လေ့လာလိုသူတို့ သမိုင်း၊ပထဝီ မသင်ယူအောင်၊ သင်ယူမရအောင်၊ သင်ကြားမည့်ဆရာတို့ မသင်ကြားအောင်၊ မသင်တတ်အောင်၊ ၂၀၀၁ မှယနေ့ထိပညာရေး ဦးဆောင်သူတို့ မရိုးမသားစီမံပုံကို သိစေချင်ပါသည်။ သင်ယူသူတွင် ဝိဇ္ဇာအားသန်သူ- သိပ္ပံအားသန်သူ- ၂ မျိုး ရှိပါသည်။ ကျောင်းသားနှင့် ဆရာဘ၀ ဖြတ်သန်းအတွေ့အကြုံအရ ဝိဇ္ဇာအားသန်ပိုများသည်။ ၁၉၆၅-၇၇ သိပ္ပံ-ဝိဇ္ဇာခွဲရာ ဝိဇ္ဇာက အောင်သူအများစု။ ကျွန်တော်ကား ၁၉၇၂ ရှစ်တန်း၌ သိပ္ပံကအောင်သူ။ ကျွန်တော့်တပည့်တို့ ရှစ်တန်းအောင်သည့် ၁၉၈၃-၉၄ လည်း သိပ္ပံဖြင့်အောင်သူ နည်းသည်။ ၂၀၀၁ တွင် ဘာသာတွဲ ၈ တွဲ နှစ်သက်ရာယူခိုင်းရာ ဘယ်အတွဲယူရ မည်ကို ကျောင်းသားက မဝေခွဲတတ်။ (မောင် A မင်းက ဝိဇ္ဇာသန်တယ်- ဝိဇ္ဇာယူ)။ (ဆရာ-ကျွန်တော် စိတ်ကြိုက်မြန်မာစာတွဲယူမယ်) (တို့ကျောင်းမှာ- သင်နိုင်တဲ့ဆရာမရှိဘူး- သမိုင်း၊ ပထဝီ၊ ဘောဂယူ) မောင် A၊ မ B တို့ ကျွန်တော်ညွှန်ပြသလို လိုက်နာသည်။ ဝိဇ္ဇာယူသူတို့ ၁၀တန်း အောင်သော်လည်း ဗိုလ်လောင်းသင်တန်းအတွက် ဝိဇ္ဇာတွဲ သမားမခေါ်။ ကျောင်းဆရာသင်တန်းမှာလည်း သိပ္ပံတွဲယူသူသာ ဦးစားပေးလေရာ (မ B၊ မောင် A) တို့ ဝေလေလေဖြစ်ရသည်။

၂၀၀၃-၀၄-၀၅ နောက်တွေမှာ ဝိဇ္ဇာတွဲကို စိတ်မှာ မစွဲကြတော့။ B.A ဆရာကောင်းတို့လည်း တနှစ်ပြီးတနှစ် ကျောင်းတော်မှ ဂျောင်းကြရလေရာ ယခုအခါ ရွှေမောက်မြို့ပေါ် ထက် ၂ကျောင်းမှာ ပထဝီ-သမိုင်း သင်မည့်ဆရာတွေမရှိ။ တနိုင်ငံလုံးလည်း အသက် ၅၀ ကျော် သမိုင်း၊ ပထဝီ သင်တတ်သူတွေ ရွှေရှားသလို ရှားသွားပြီ။ ကျူရှင်၊ ဘော်ဒါ (ထိုစဉ်က ကိုယ်ပိုင်ကျောင်းများ မရှိသေး)မှ ဆရာတို့ကလည်း (ဝိဇ္ဇာ)ဆိုတာ (ဘိတ်)မှာပဲ နေရတာ။ (သိပ္ပံ) ကသာ (ထိပ်)မှာစံရတာ။ (စိတ်မှန်)ရင် သိပ္ပံတွဲ(သို့) ဝိပ္ပံတွဲယူဟု ၎င်းတို့ ကျူရှင်၊ ဘော်ဒါလူများရေး သွေးဆောင်ကြရာ လက်တွေ့ကလည်း မှန်လေတော့ ဓာတု၊ ရူပ၊ ဇီဝနှင့် သူတို့အခေါ် ဝိပ္ပံတွဲ(ဓာတု၊ ရူပ၊ ဘောဂ)သာ တပြည်လုံး ယူသူအများဆုံးဖြစ်သည်။ ၂၀၀၀ ခုနှစ်အထိ ပထဝီ-သမိုင်းကို ကျောင်းသားတိုင်း သင်ယူခဲ့ရသေးရာ သင်ဖူးသူတပည့်တို့ အမြင်မကျယ်သော်မှ အမြင် မကျဉ်း။ ဆရာကြီး ဒေါက်တာသန်းထွန်းက သမိုင်းပညာရှာသူ လေ့လာသူသည် အခြေအနေဖြစ်ရပ်မှန်ကို စူစမ်းလေ့လာဆန်းစစ်ပြီး တွေ့ရှိလျှင် အလိမ် မခံရ။ မ-အတော့ဟု မိန့်ခဲ့သည်။ ၂၀၀၁ မှ ၂၀၂၄ထိ ဆရာကြီဒေါက်တာ(သန်းထွန်း၊ တိုးလှ)တပည့်များဖြစ်သည့် သမိုင်းပါမောက္ခများ အပါအဝင် ပညာရေးစီမံသူများကတော့ အခြေခံမှာရော တက္ကသိုလ်မှာပါ သမိုင်းဘာသာရပ် မသင်ရအောင်၊ သင်ယူသူနည်းသွားအောင်၊ သင်ယူပြန်လျှင်လည်း စိတ်ဝင်စားမှုမရှိအောင်၊ သင်ကြားနိုင်သူများမရှိအောင်၊ သင်ကြားလျှင်လည်း ဝတ်ကျေတန်းကျေသင်အောင် ဖန်တီးထားသည်။ မောင်ဌေးက မလိုမုန်းထားဖြင့် တင်ပြနေသည်မဟုတ်ပါ။ ဖြစ်ရန်မှန်ကိုသက်သေပြ၍ မညှာတမ်းသုံးသပ်ပြခြင်းပါ။ သက်သေရှိလျှင် ကောက်ချက်ကို ထောက်ညှာမရေးရဟု ဆရာကြီးဒေါက်တာသန်းထွန်းက မိန့်ခဲ့ခြင်းကို မောင်ဌေး လိုက်နာပါသည်။

    

သက်သေပြပါမည်။ သမိုင်းလေ့လာသူ လျော့နည်းစေရန်မှ ပျောက်သွားစေရန် အရူးချီးပန်း ဘာသာတွဲ ၈ တွဲစနစ်ကို ၂၀၀၁ မှ ၂၀၂၃ ထိ ၂၃နှစ်ကြာဖန်တီးသည် ကိုမေ့သွားအောင် ယခု KG+12 တွင်အတွဲ ၄ တွဲ စနစ်ပြောင်းပြီး သမိုင်းအပါဝင် ဝိဇ္ဇာဘာသာ၂တွဲကို ယူသူနည်းအောင် မာယာဆင်ဖန်တီထားပြန်သည်။ ရှင်းပြပါမည်။ ဓာတု၊ ရူပ တွဲယူပြီး ၁၀တန်းအောင်လာသောအခါ (၁) အမှတ်နည်း၍ (၂)အဝေးသင်တက်ရ၍ B.A ဝိဇ္ဇာယူသည်။ တက္ကသိုလ်မှာ (သို့) ပညာရေးကောလိပ်မှာ ပထဝီ၊ သမိုင်းတို့ကို အင်္ဂလိပ်လို သင်သောအခါ ပထဝီ မသိ၊ သမိုင်း နားမလည်၊ အင်္ဂလိပ်စာ လည်တည် လည်တည်။ အကန်း၊ အ,အ မပြည့်၀ တက္ကသိုလ်ပညာရေးကို ၁၉၉၃ ကစသည်။ B.Sc တို့လည်း မထူးပါ။ ဆိုင်ရာပညာလည်း မကျွမ်း၊ အင်္ဂလိပ်စာလည်း ဗလနန်းပါ။ ဤသို့ အခြေခံပညာသင်ယူစဉ်မှာ ဝိဇ္ဇာဘာသာတွဲကိုဖျောက်။ တက္ကသိုလ်ရောက်တော့လည်း ပေါက်ပေါက်မြောက်မြောက်ဖြစ်အောင် မသင်။အဝေးသင် ပထဝီ၊ သမိုင်းသမားများ တက္ကသိုလ် ဆရာများကန်တော့ အောင်။ Day ကျောင်းသား B.A, B.Sc တွေလည်း ကိုယ်တိုင်မလေ့လာနိုင်။ ပညာရပ်ကို မပိုင်နိုင်ကြသည်မှာ ၁၉၉၃ မှယနေ့၂၀၂၄ ထိ။

ဝိဇ္ဇာ-သိပ္ပံ အသိအတတ်ပညာကို ငယ်စဉ်က မသင်ကြားခဲ့လျှင် ပွဲလန်းသဘင် အခမ်းအနားတွင် ပြောဆိုရာ၌ အံမဝင်တတ်။ အကြောင်း မမှန်။ အကျိုးတလွဲ ရှေ့နောက် မညီသူတပါး ရီစရာဖြစ်တတ်သည်ဟု ကိုးခန်းပျို့မှာ ဆရာတော်ရှင်မဟာရဋ္ဌသာရက ဆုံးမ ထားသည်။ လက်တွေ့များစွာထဲက ထင်ရှား ဖြစ်ရပ်တခုမှာ (ဗိုလ်ချုပ်အောင်ဆန်း ဘွဲ့မရဘူး၊ နိုင်ငံရေးလုပ်လို့) ဟု ၂၀၁၅ ကာလက မကွေးတက္ကသိုလ်ပါမောက္ခချုပ်  ပြောခဲ့ခြင်းကြောင့် (ဝိဇ္ဇာတည်းဟူသော အသိပညာ ငယ်စဉ်အခါက မသင်ရရှာ၍ ကိုယ့်အမျိုးသားခေါင်းဆောင် B.A ဘွဲ့ရ ပညာ တတ်ဖြစ်သည်ကို မသိလေသော ပါချုပ်တယောက်ဟု လူအများ ကဲ့ရဲ့စရာဖြစ်ခဲ့သည်။ မြန်မာ့ပညာရေးလောကမှာ ကြားမြင်သုတ နည်းပါးရှာသော ပါမောက္ခချုပ်ဟု သမိုင်းတွင်ရတော့သည်။ သင်္ချာဖြင့် ဒေါက်တာဘွဲ့ရသော ၂၀၁၅က မကွေးပါမောက္ခချုပ်ဆရာကြီးကို စံထား၍ ဝိဇ္ဇာတို့ကို ခေါက်ထားလေသလား။ ပညာရေးမှာ သိပ္ပံတွေသာ အခရာကျသည်ဆိုပြီး ဝိဇ္ဇာတွေဖယ်ခြင်းက လွဲချက်ကနာပြီ။ 

ဆိုလိုရင်းက ဒေါ်အောင်ဆန်းစုကြည်ခေတ် KG+၁၂ တန်းစနစ် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းသည် ဦးသန်းရွှေ၏ ၂၀၀၁ အမျိုးသားပညာရေးစနစ်အဆက်ဖြစ်ကာ နစကအစိုးရကလည်း ထိုသမိုင်းမမြင် ပထဝီ မသင် စနစ်ကို ဆက်လက်အားပေးနေပြန်သည်။ အစိုးရတွေသာ ပြောင်းသော်လည်း ပညာရေးပျက်အောင် ပြင်ကြသူတို့က ၁၉၉၅ကတည်းက ယနေ့ထိရှိနေတုန်း (နောင်လည်းရှိနေဦးမည်ဟု ဆိုလိုသည်)ဖြစ်သည်။ ထို့ကြောင့်ယနေ့အခါကာလလို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ခမ်းခြောက်နေသူတွေ လာမည့်အနာဂတ်ကာလ နောင်အနှစ်၂၀မှာ ဆက်လက်တိုးပွား နေဦးမည်။

ပြောချင်ပါသည်။ ပညာရှင်အစစ်တို့သည် သူ့ပညာနှင့် စေတနာကို နိုင်ငံနှင့်လူမျိုးအတွက် မှန်မှန်ကန်ကန်စီမံ။  လွဲမှားမှုကိုထောက်ပြ။ မိမိလွဲမှားမှုကိုလည်း ဝန်ခံ၊ သုံးသပ်ပြုပြင်။ ဆရာဇော်ဂျီ၊ မင်းသုဝဏ်၊ ဒေါက်တာမောင်ဖြူး၊ ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခင်၊ ဆရာကြီး ဦးတင်မိုး စသူတို့သည် နိုင်ငံနှင့်လူမျိုးအကျိုးအတွက် ပညာရေးကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည့် ပညာရှင် စစ်စစ်များဖြစ်သည်။ ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ နစကတို့ခေတ်မှာ ပညာရှင်ဟုအခေါ်ခံချင်ပြီး ကိုယ့်ကိုယ်ကို ပညာရှင်ဟု သတ်မှတ်နေကြသောတို့သည် မလုပ်သင့် မလုပ်ထိုက်သော ကိစ္စတို့ကို အကောင်ထည်ဖော်ခဲ့သည်။ ဆိုးကျိုးရလာဒ် မြင်ပါလျှက်လည်း ဇွတ်တိုးသည်။ မဖြစ်နိုင်မှန်းသိပါလျှက် ညွှန်ကြားသည်။ မှားသွားမှန်းသိလျှက် မအောင်မြင်မှန်း သိပါလျှက် စီမံမှုကို မပြုပြင်။ အကြောင်းအရာအချက်ကိုမျှ ရှင်းလင်းအောင် စာမစီနိုင်သော အမည်ခံပညာရှင်တို့၏ နိုင်ငံနှင့် လူမျိုး မတိုးတက် အကျိုးမဲ့သည့် စီမံချက်တို့ကို အားလုံးကဝိုင်းဝန်း ထောက်ပြနေပါလျှက် ကိုယ့်အကျိုးအတွက် ဆောင်ရွက်နေဆဲလည်း ဖြစ်သည်။ နှစ်ထပ်ရှိမှ မှတ်မိမှာမို့ ပြခဲ့ပြီး ဥပမာပဲ ထပ်ပေးပါရစေ။ ၁၉၈၁ က မူဆင့်မှာ အင်္ဂလိပ်လို သင်လာသူတွေ ဘယ်လောက်များ ထွန်းပေါက်ပါ သလဲ။ ၁၉၈၅ကစ အထက်တန်းသိပ္ပံမှာ၊ ၁၉၉၃နောက်ပိုင်း B.A၊B.Scမှာ အင်္ဂလိပ်လိုသင်လိုက်၍ ဒေါက်တာပဒေသာတင်၊ ဒေါက်တာစောဝေလှတို့လို ပညာရှင် မထွန်းကားနိုင်ဆိုတာသိပါသလား။ ၁၉၉၇ က CAPS စနစ် မအောင်မြင်ဘဲဖြစ်နေသည်မှာ မြင်နေရပါလျှက် KG+၁၂ တန်စနစ်မှာ ထိုစနစ်ကိုပင် ဆက်လက်ထားရှိနေသည်။  ယခုပင် ကဝိမင်းစာဖတ်သူ၏ သားမြေး KG, G-1,G-2,3 to 12 စသည့် မူလယ်ထက်တို့ စာဖတ်သူကလေးဘဝကလောက် အရည်အသွေးမရှိသည်ကို ဆန်းစစ်ကြည့်လျှင် မြင်လွယ်ပါသည်။

သမိုင်းမှတ်တမ်းမှာတော့ ဝိဇ္ဇာတို့အစွမ်းကား အံ့မခန်းဖြစ်ပါသည်။ (စိတ်သာချ အတည် ဝိဇ္ဇာ မ - မည်)ဆိုသည့်အတိုင်း ပညာရေး၊ နိုင်ငံရေး၊၊ လွတ်လပ်ရေးတို့မှာ သူတို့ရှေ့တန်းက ဦးဆောင်ခဲ့သည်။ ၁၉၂၀- ကိုဘဦး၊ ကိုဖိုးကျား ဝိဇ္ဇာသမားတို့အား။ ၁၉၃၆- ကိုနု၊ ကိုအောင်ဆန်း B.A သမားတို့ အစွမ်း။ စာပေအနုပညာ ခေတ်စမ်းကမ္ဘာ ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်သန့်စင်၊ သိပ္ပံမောင်ဝ၊ ကုသ အစရှိ နိုင်ငံဂုဏ်ကိုလှပအောင် ပြုနိုင်စွမ်းသူ ဝိဇ္ဇာ - B.A ထိုဖေကို တို့တတွေ။ ယခု ဝိဇ္ဇာသမားတို့ကား မစွမ်းနိုင်၍ နွမ်းခွေယိုင်နေသည်။ ယိုင်သည် ဆိုသည်က နိုင်ငံနှင်လူမျိုး၂၀၀၂ ကစ၍ B.A ဆရာတွေကို ၉-၁၀ နှင့် ဝေးအောင် စီမံရာ ရာနုန်းပြည့်အောင်မြင်သည်။ စဉ်းစားလိုက်တော့ ဝိဇ္ဇာတို့တတွေ လိပ်ပြာခွဲခံရခြင်း။ သေသူဝိဉာဉ်နှင့် ရှင်ကျန်သူ အဖွဲ့အစည်းဝိဉာဉ် ကွဲအောင်ခွဲခြင်းကို လိပ်ပြာခွဲသည်ခေါ်သည်။ ထပ်တွေးလိုက်တော့ ဝိဇ္ဇာပညာကို လိပ်ပြာနှုတ်ပစ်လိုက်ခြင်း။ မနာတတ်သော ယနေ့ ဝါစိတ် ဝိဇ္ဇာဆရာတွေမှာ သမိုင်း၊ ပထဝီ ပြည့်ပြည့်၀၀ မသင်ရရှာတော့ ပြောရဲဆိုရဲ ရင်ဆိုင်ရဲ ရသင့် ရထိုက်သော အခွင့်အရေးကို တရားသဖြင့် မတောင်းဆိုရဲ၊ သတ္တိနည်းသွားကြပြီ။ ကြည့်လေ- B.Ed ရာထူးတိုးခေါ်ရာမှာ ပထဝီ၊ သမိုင်း၊ မြန်မာစာ၊ ဝိဇ္ဇာ ဘွဲ့ရသမားတွေအတွက် ခွဲဝေရာထူးအချိုးက အလွန်နည်းရာ ဝါစိတ်တွေ အထက်တန်းပြဖြစ်ရေး ဝေးနေကြရသည်။ သံပိတ်တွေလည်း ထက်ပြတိုးဖို့ ဝါဇိတ်လောက် မဆိုးသော်လည်း အနှိမ်ခံဘဝမှာပင်။ မောင်ဌေးတို့မှာ ယနေ့ခေတ်လို စူးရောက်ပညာရေး စီမံသူမရှိ၍ B.Edကို ကျူရှင်မလို စစ်ဆေးမှုမှန်ကန်စွာဖြင့် ခွင့်တူညီမျှ ဝိဇ္ဇာသိပ္ပံယှဉ်ပြိုင်ခွငိ့ရခဲ့ပါသည်။ ယနေ့ကတော့ B.Ed ခေါ်ဆိုပုံမမှန်ကန်မှု မေးခွန်းတွေ ဖြေရပုံ တွေက မသမာမှုတွေရှိသည်မို့ မူ-လယ် ဝိဇ္ဇာဆရာတို့ ရာထူးတိုး အလှမ်းဝေးကြရာသူတို့ ပညာရေးမှာ စိတ်မပါနိုင်တာ သူတို့အပစ်မဟုတ်။ သူတို့အနာဂတ်ပျောက်ဆုံးအောင် စီမံသူတွေ ညစ်ပတ်မှုတွေမြင်တတ်ပြီး ယနေ့ပညာရေးစီမံဦးဆောင်သူတွေ၏ ယုတ်မာတကိုယ်ကောင်းဆန်ပုံကို ယနေ့ ဝိဇ္ဇာဘွဲ့ရ မူလယ်ဆရာတွေ တင်ပြရဲဖို့လိုပါသည်။

အတိတ်က ဝိဇ္ဇာတွေကတော့ ရဲစွမ်းသတ္တိ အသိပညာ ပြည့်စုံသည်မို့ တိုင်းပြည်လွတ်လပ်ရေးရအောင် လွတ်လပ်ပြီး မြန်မာနိုင်ငံ၏ ပညာရေး ကို တိုးတက်အောင်လည်း စွမ်းဆောင်နိုင်ခဲ့ကြသည်။ ပစ္စုပ္ပန် ဝိဇ္ဇာတွေကတော့ အတတ်အသိပညာ မပြည့်စုံသမို့ သတ္တိ ရဲစွမ်း ခမ်းခြောက်နေကြပြီး မိမိ ရပိုင်ခွင့် အခွင့်အရေးကိုပင် မတောင်းဆိုတတ် မတောင်းဆိုရဲကြရာ  မူ-လယ်ပြနှင့်ပဲ အရိုးထုတ်ကြရတော့မည်။ သနားစရာတော့ ကောင်းသည်ပ။ သို့သော်  ပြင်ရမည်က ပညာရေးဌာနနှင့် အစိုးရ။ သို့ဖြစ်၍ ဝိဇ္ဇာပညာသည် အသိ အလင်းကို ဖွင့်ပေးသော ပညာဖြစ်ရာ အသတ်ခံဖျောက်ဖျက်ခံထားရသော ဝိဇ္ဇာပညာကို လိပ်ပြာပြန်သွင်း၍ နိုင်ငံနှင့် လူမျိုး တိုးတက်အောင် ပညာရေးကို ပြင်ညာနေကြသော ၁၉၉၅ မှ ယနေ့ထိ ပညာရေးစီမံမှု အာဏာယူထားသော အမည်ခံပညာရှင်များကို ပြောင်းလဲချိန်တန်ပြီဖြစ်ပါကြောင်း၊ ၎င်းတို့ကိုယ်တိုင်လည်း ရှက်တတ်လျှင် နှုတ်ထွက်သင့်ပါကြောင်း ဝိဇ္ဇာပညာရေးဖျောက်ဖျက်ထားသည့် စစ်တမ်းထုတ်ဖော်၍ တင်ပြလိုက်ပါကြောင်း။


ကိုဌေး(နတ်မောက်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)