နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင် ပန်းတနော်မြို့နယ် ဆုတောင်းပြည့်ကျေးရွာ၌ကျင်းပသည့် ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ တက်ရောက်အားပေးပြီး ကျုံတိုင်းကြီးကျေးရွာ ငါးမွေးမြူရေးကန်နှင့် ဓနုဖြူမြို့နယ် ယင်းကဒစ်ကျေးရွာရှိ အုန်းချိုမွှေးစိုက်ပျိုးရေးခြံ ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင် ပန်းတနော်မြို့နယ် ဆုတောင်းပြည့်ကျေးရွာ၌ကျင်းပသည့် ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ တက်ရောက်အားပေးပြီး ကျုံတိုင်းကြီးကျေးရွာ ငါးမွေးမြူရေးကန်နှင့် ဓနုဖြူမြို့နယ် ယင်းကဒစ်ကျေးရွာရှိ အုန်းချိုမွှေးစိုက်ပျိုးရေးခြံ ကြည့်ရှုအားပေး




နေပြည်တော်၊ ဇူလိုင် ၁၃

စက်မှုလယ်ယာဦးစီးဌာနအမှတ် (၅၇) စက်မှုလယ်ယာစခန်း (ပန်းတနော်) မှ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ဆုတောင်းပြည့်ကျေးရွာရှိ တောင်သူဦးကျော်ငြိမ်းအေး၏ မိုးစပါးစိုက်ခင်းငါးဧက၌ ကျင်းပသည်။

သရုပ်ပြပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများသည် ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးခြင်းများကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် ကြဲခင်းစနစ်များ လျော့နည်းပပျောက်ရေး၊ စိုက်ပျိုးသီးနှံစုံ ပန်းတိုင်အထွက်နှုန်းရရှိရေးကိစ္စရပ်များကို ဆွေးနွေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတနော်မြို့နယ် ကျုံတိုင်းကြီးကျေးရွာရှိ ငါးမွေးမြူရေးလုပ်ငန်းရှင် ဦးမြင့်သန်း၏ ငါးမွေးမြူရေးကန် (၁၈၉ ဒသမ ၉၆) ဧကပေါ်ရှိ ငါးမွေးမြူရေးကန်ရှစ်ကန်၌ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးကြင်းစုစုပေါင်းကောင်ရေ (၉၂၀၀၀) မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ပြည်တွင်းသာမက ပြည်ပဈေးကွက်သို့ပါ တင်ပို့ရောင်းချနိုင်ရေး၊ တိုးချဲ့မွေးမြူနိုင်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံရေးကိစ္စရပ်များကို ပြန်လည်ဆွေးနွေးကာ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓနုဖြူမြို့နယ် ယင်းကဒစ်ကျေးရွာရှိ ရေနက်ကွင်း၌ ရေတစ်ပေါင်၊ ကုန်းတစ်ပေါင် စိုက်ပျိုးနည်းစနစ်ဖြင့် အလွိုင်းကုမ္ပဏီမှ စိုက်ပျိုးထားရှိသော အုန်းချိုမွှေး စိုက်ပျိုးရေးခြံ ဧက ၁၈၀ သို့သွားရာက်၍ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အုန်းချိုမွှေးလုပ်ငန်းအပြင် အုန်းသီးတန်ဖိုး ကွင်းဆက်မြင့်မားရေး၊ အုန်းအခြေခံတန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်မှာကြားပြီး အုန်းချိုမွှေးစိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်အဖွဲ့သည် ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စု ဥတိုကျေးရွာရှိ ထူးထက်ဟန်ကုမ္ပဏီလီမိတက် အသားတိုးဝက်မွေးမြူရေးလုပ်ငန်း သို့ရောက်ရှိရာ တာဝန်ရှိသူများက အသားတိုးဝက်မွေးမြူရေးလုပ်ငန်းအဆင့်ဆင့်နှင့် အလုံပိတ်လေအေးပေးစနစ်ဖြင့် မွေးမြူထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေး၍ လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်အဖွဲ့သည် ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည့် ၂၀၂၄ - ၂၀၂၅ မိုးစပါး အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုနှင့် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး တောင်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးဆောင်ရွက်သော ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများကို သွင်းအားစုနှင့် မျိုးစေ့များပေးအပ်ခြင်း၊ တိုင်းဒေသကြီးရန်ပုံငွေမှ အင်ဂျင်ပါဝါသုံး ခြောက်တန်းသွား လက်ဆွဲကောက်စိုက်စက်တစ်လုံးကို ပန်းတနော်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနသို့ တောင်သူအကျိုးပြုလုပ်ငန်း များဆောင်ရွက်ရန်ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)