ပြည်သူက အစိုးရကို ဘာကြောင့်မုန်းတာလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူက အစိုးရကို ဘာကြောင့်မုန်းတာလဲ



တပ်မတော်သား အသိမိတ်ဆွေတစ်ယောက်က သူကိုယ်တိုင် အခက်အခဲကြုံတွေ့လာရတဲ့ အခြေအနေမှာ ပြည်သူတွေက အစိုးရတာဝန်ရှိသူတွေကို ဘာကြောင့် မကောင်းမြင်ကြတာလဲဆိုတဲ့ အဖြေကို သိလိုက်ရပုံနဲ့ ဆက်စပ်ပြီး ပြောပြလာတယ်။

သူက ဆယ်တန်းအောင်ပြီး စစ်တက္ကသိုလ်တက်၊ နိုင်ငံခြားကို ပညာတော်သင်သွား၊ နိုင်ငံတာဝန်တွေ ဆက်လက်ထမ်းဆောင် လုပ်ခဲ့တော့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိတဲ့သူတွေဆိုရင် လူကောင်းတွေလို့ပဲ သူမြင်တယ်တဲ့။ ဒီလို လူတွေကို ပြည်သူတွေက ဘာကြောင့် မကောင်းမြင်နေကြတာလဲဆိုတာကို သူစဉ်းစားလို့ မရခဲ့ဘူး။ အခု ကိုယ်တိုင် ပြဿနာကြုံလာလို့ ကိုယ်တိုင်လိုက်လံ ဖြေရှင်းဆောင်ရွက်ရတဲ့ အခြေအနေမျိုး ရောက်လာတော့မှ သိလာရတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေဟာ ကိုယ်ထင်ထားသလို မရိုးသားဘူး။ လှည့်ပတ်မှုတွေ ရှိနေတယ်။ အခုမှ ပြည်သူတွေက တာဝန်ရှိသူတွေကို ဘာကြောင့် မကောင်းမြင်နေကြတာလဲဆိုတဲ့ အဖြေကို သူသတိပြုမိတော့တဲ့အကြောင်း ပြောပါတယ်။

သူသည် လက်ရှိ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံဝန်ထမ်းတစ်ဦးပဲ ဖြစ်ပါတယ်။ သူကိုယ်တိုင် အများပြည်သူကြားမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာမျိုးကို သူကိုယ်တိုင် သက်ဆိုင်ရာ ဌာနများကို ဝင်ထွက်သွားလာ မေးမြန်းစုံစမ်း၊ တင်ပြ တိုင်ကြား လုပ်နေလာရတဲ့အခါမှာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ဥပဒေနဲ့အညီ အများပြည်သူကြားမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာကို အမြန်ဆုံး ပြေလည်အောင်ဆောင်ရွက်ပေးနိုင်ဖို့ ဦးတည်တာမျိုးမဟုတ်ဘဲ အချိန်ကြန့်ကြာအောင် လုပ်ဆောင်နေတာမျိုး၊ မသိကျိုးကျွန်ပြုထားတာမျိုး၊ ငွေရှင်ကြေးရှင်ရဲ့ ဘက်တော်သားဖြစ်နေတာမျိုးတွေ သိမြင်နားလည်လာတယ်။ အဲဒီလို သိမြင်သွားသူတွေ နိုင်ငံအကြီးအကဲဖြစ်လာရင်တော့ ဒီအစိုးရယန္တရားမှာ အစိုးရနဲ့ ပြည်သူကြား အမုန်းပွားအောင် ခလောက်ဆန်နေကြတဲ့ ဝိသမလောဘသား ဝန်ထမ်းတွေကို ထိန်းကျောင်း ကြပ်မက်တန်ကောင်းရဲ့လို့ မျှော်လင့်ကြည့်မိတယ်။

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ဖြစ်ပေါ်နေတာက ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်လာရင်ပဲ မတော်လောဘနဲ့ ကိုယ်ကျိုးရှာချင်တဲ့ သူတွေကို တွေ့ရလိမ့်မယ်။ ရပ်ကျေးအဆင့်မှာတောင် အဲဒီလိုဖြစ်နေရင် အဆင့်ဆင့်သော ယန္တရားမှာ ဘယ်လောက်တောင် ပျက်ယွင်းနေမလဲ။ ရပ်ကျေးအဆင့်က နာမည်ဆိုးထွက်လာပြီဆိုရင် မြို့နယ်က တာဝန်ရှိသူတွေက အရေးယူဆောင်ရွက်ရမယ်။ ဖယ်ရှားပြီး အစားထိုးရမယ် မဟုတ်ပါလား။ အဲဒီလို မလုပ်ပါဘူး။ မတော်လောဘနဲ့ ကိုယ်ကျိုးရှာနေတဲ့ အုပ်ကြီးက မြို့နယ်က တာဝန်ရှိသူတွေကို အခြားအုပ်ကြီးတွေထက် ဂါရဝပြုနိုင်တယ်။ ဂါနိုင်တဲ့အတွက် မတော်လောဘနဲ့ ကိုယ်ကျိုးရှာနေတဲ့ အုပ်ကြီးကို မြို့နယ်တာဝန်ရှိသူတွေက ဖယ်ရှား၊ အစားထိုးတာမျိုး လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ အလွန်အမင်း နာမည်ဆိုးထွက်လာပြီး မြို့နယ်ကိုပါ အမှုပတ်လာတော့မယ်ဆိုမှသာ ကန်ထုတ်ပစ်လိုက်တာမျိုး။ အဲဒါမျိုးကြရင်တော့ ပြတ်ပြတ်သားသား ရက်စက်တတ် ကြပါတယ်။

ဒီကနေ့ (၃၁-၇-၂၀၂၄) ရက်နေ့ မနက်မှာပဲ တစ်ယောက် က ဖုန်းဆက်လာတယ်။ သူတို့မြို့နယ်မှာ အုပ်ချုပ်ရေးမှူးတွေ အပြောင်းအလဲဖြစ်အုံးမယ်တဲ့။ အဲဒီလို ပြောင်းလဲမယ့်အပေါ် သူ့ဆီက မလိုလားတဲ့ စကားလုံးတချို့ကိုလည်း နောက်ဆက်တွဲ ဖြည့်တင်းပြောဆိုလာတယ်။ တရားသေတော့ မှတ်ယူလို့ မရဘူး။ အရေးပေါ်ကာလမှ အုပ်ချုပ်ရေးမှူး တာဝန်ပေးအပ်ခဲ့သူတွေ ရှိတယ်။ အရေးပေါ်ကာလမှာ အသည်းအသန် ကိုယ်ကျိုးရှာနေတဲ့ အုပ်ကြီးတွေ၊ နာမည်ဆိုး ထွက်လာတဲ့ အုပ်ကြီးတွေအကြောင်း အကိုယ်လည်း ကြားမှာပဲ။ အဲဒီလို အုပ်ကြီးတွေဆီကနေ မြို့နယ် တာဝန်ရှိသူတွေက လာဘ်လာဘ ရနေတော့ ဖြုတ်ရကောင်းမှန်း မသိဘူး။ အစိုးထိုးဖို့လည်း မစဉ်းစားဘူး။ မြို့နယ်က လူတွေက စားနေရတာကိုး။ အဲဒီတော့ ပြောင်းလဲသင့်တဲ့သူကို ပြောင်းလဲတာ ပြဿနာတော့ မဟုတ်ဘူး။ အဲဒီ ပြောင်းလဲလိုက်တဲ့ သူတွေက ဘယ်လို လုပ်လာမလဲဆိုတာတော့ ကြည့်ရမှာပေါ့။ တချို့သော နိုင်ငံရေးပါတီတွေနဲ့ နီးစပ်တဲ့သူတွေကို အုပ်ချုပ်ရေးမှူးခန့်တယ်။ အုပ်ချုပ်ရေးမှူးဖြစ်ပြီး တစ်လလောက်ကြာတာနဲ့ ရပ်ကွက်နေပြည်သူများထံက ဂုပ်သွေးစုပ်တဲ့အလုပ်တွေ လုပ်လာပြီ။

အုပ်ချုပ်ရေးမှူးတစ်ယောက် က ဘယ်လို ဥပဒေတွေကို သိထားရမယ်။ ရပ်ကွက်နေပြည်သူများရဲ့ ယုံကြည်ကိုးစားမှုရဖို့ ဘယ်လို ရပ်တည်နေထိုင်ရမလဲ။ ဒါတွေကို အလေးမထားဘူး။ ရပေါက်ရလမ်း ဘယ်လိုရှိတယ်ဆိုတာတော့ သိတယ်။ ရအောင်ရှာတယ်။ နာမည်ဆိုးထွက်တာ မထွက်တာ ထည့်မစဉ်းစားဘူး။ အဲဒီလို အခြေခံ အုပ်ချုပ်ရေးအဆင့်က မလျော်ကန်တဲ့ အလုပ်တွေ လုပ်ခြင်းကြောင့်လည်း ပြည်သူများက အစိုးရကို မုန်းပါတယ်။

ပြန်လည်ဆန်းစစ်ကြည့်ရင် အများပြည်သူ အတိဒုက္ခရောက်တဲ့အခါ ရေဘေး၊ လေဘေး အစရှိသော ဘေးဒုက္ခများ ကြုံတဲ့အခါ အစိုးရတာဝန်ရှိသူတွေကပဲ ဦးဆောင်ပြီး ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ပေးတဲ့ အစိုးရတာဝန်ရှိသူတွေအပေါ် ပြည်သူတွေအနေနဲ့ မုန်းစရာအကြောင်းမရှိဘူးလို့ မြင်နိုင်ပါတယ်။ ဒါဆိုရင် ဘာကြောင့် မုန်းတာလဲ။

တာဝန်ရှိသူတွေဟာ ဖော်ရှိုးလုပ်တဲ့ကိစ္စတွေမှာ ကောင်းပင်ကောင်းငြား အများပြည်ကြားမှာ ပြဿနာတွေ ပေါ်ပေါက်လာတဲ့အခါ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးနိုင်ရေးကို ဦးတည်ခြင်းမျိုး မရှိဘူး။ လာဘ်လာဘကို မျှော်ကိုးပြီး ဥပဒေလက်တစ်လုံးခြား အလုပ်တွေကို တာဝန်ရှိသူတွေကိုယ်တိုင်က နည်းပေးလမ်းပြလုပ်တယ်။ ပြဿနာကြီးထွားအောင် ဖန်တီးပြီး ကိုယ်ကျိုးရှာတယ်။ ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေခြင်း၊ မှန်ကန်မျှတစွာ ဆောင်ရွက်ပေးခြင်းမရှိတဲ့အပေါ်  တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့် တင်ပြတိုင်ကြားမှုတွေ လုပ်ပြန်တော့လည်း နိုင်ငံတော်အကြီးအကဲများက စစ်ဆေးဆောင်ရွက်ဖို့ကို ဥပဒေလက်တစ်လုံးခြား လုပ်ထားသူတွေကို ပြန်လည်ညွှန်ကြားတဲ့အခါမျိုးမှာ ပြည်သူများအကြား ဖြစ်ပေါ်နေတဲ့ ပြဿနာများအပေါ် ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးတာမျိုး မဟုတ်ဘဲ အချိန်ကြန့်ကြာအောင် လုပ်တာမျိုး၊ ပိုမိုရှုပ်ထွေးအောင် ဖန်တီးတာမျိုးတွေကြောင့် အစိုးရအပေါ် ပြည်သူတွေက မုန်းတီးကြပါတယ်။

တချို့သော ဉာဏ်ရည်မမီသူများက ရေ၊ မီး၊ မင်းဆိုး၊ မွေခံဆိုး၊ သူခိုး ရန်ငါးပါးဆိုတာကို လက်မခံချင်ကြဘူး။ မင်းဆိုး ဆိုတာက နိုင်ငံတော်အကြီးအကဲတွေသာ ရည်ညွှန်းတာမျိုးမဟုတ်ဘဲ ခရိုင်အာဏာပိုင်၊ မြို့နယ်အာဏာပိုင်၊ ဒေသအာဏာပိုင်များက အများပြည်သူအပေါ် ဥပဒေလက်တစ်လုံးခြားလုပ်ပြီး ဂုပ်သွေးစုပ်တဲ့ လုပ်ရပ်တွေဟာလည်း မင်းဆိုး ဆိုတဲ့ ရန်သူမျိုးငါးပါးထဲမှာ အကြုံးဝင်ပါတယ်။

ကျွန်တော့်မိတ်ဆွေ က ကျောင်းပြီး၊ နိုင်ငံခြားကို ပညာတော်သင်သွား၊ နိုင်ငံတာဝန်များကို ဆက်လက်ထမ်းဆောင် ဆိုတော့ ပြည်သူတစ်ယောက်အနေနဲ့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ဒုက္ခကို နားမလည်နိုင်ခဲ့ဘူး။ ရာထူးတာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေကို ဆိုရင် လူကောင်းတွေချည်းလို့ ထင်ခဲ့မိကြောင်း ရင်ဖွင့်လာတော့ လူယုတ်တွေလည်း ရှိတယ်ဆိုတာကို ပြောပြမိတယ်။ ယုတ်စွအဆုံး အစိုးရရုံးဌာနများမှာ ရုံးစေက အစ အများပြည်သူကို အဆင်ပြေအောင် မဆက်ဆံတတ်ဘူး။ မောက်မာချင်တယ်။ ကောက်ကျစ်ချင်တယ် ဆိုတာကို ပြန်ပြောပြရတယ်။ သူက ဝန်ထမ်း သူကိုယ်တိုင် အရေးကြုံလာတော့မှ တာဝန်ရှိသူတွေရဲ့ အကြောင်းကို သိရှိပြီး ပြည်သူတွေကို စာနာတတ်လာတယ်။ ကျွန်တော်တို့က နိုင်ငံဝန်ထမ်းမဟုတ်ပေမယ့် နိုင်ငံဝန်ထမ်းတွေနဲ့ ထိတွေ့ဆက်ဆံ သိရှိနားလည်ခဲ့တာတွေ၊ ကိုယ့်ကိစ္စမဟုတ်သော်လည်း အများပြည်သူ ကြုံတွေ့နေရတဲ့ ကိစ္စတွေမှာ လိုက်ပါ ကူညီဆောင်ရွက်ပေးခဲ့တဲ့ အတွေ့အကြုံတွေအရ ထောက်ပြပြောဆိုခြင်း ဖြစ်ပါတယ်။

ယခင်အစိုးရလက်ထက်က စာသင်တိုက်တစ်ခု က သံဃာတော်များ သာသနာဝင်ကတ် လုပ်ဖို့ကို ကျောင်းတိုက်ရဲ့ ဦးစီးပဓာန နာယက ဆရာတော်ကိုယ်တိုင် က လဝကရုံးကို သွားတယ်။ ရုံးဝက ခုံမှာ ရုံးစေ က ထိုင်ပြီး ဂိမ်းဆော့နေတယ်။ ဆရာတော်က ဦးစီးမှူးနဲ့ တွေ့ချင်တယ်ဆိုတော့ ရုံးစေ က မရှိဘူး။ အပြင်သွားတယ်တဲ့။ ဂိမ်းပြန်ဆော့နေတယ်။ ဆရာတော် က ဘယ်အချိန် ပြန်လာမလဲ၊ ဘယ်လောက်အထိ စောင့်ရမလဲ ထပ်မေးတယ်။ ရုံးစေ က သူဂိမ်းဆော့နေတာကို အနှောက်အယှက်ပေးနေတယ်လို့ ယူဆပုံပေါ်ရဲ့ - မသိဘူး၊ ၂နာရီလောက်မှ ရောက်မယ် စောင့်ချင်ရင် စောင့်နေတဲ့။

ဆရာတော် သံဃာတော်ပါလားရယ်လို့ ရိုရိုသေသေ လျှောက်ထားရကောင်းမှန်း မသိဘူး။ ဆရာတော် ရဲ့ အသံက နည်းနည်းမာလာတယ်။ အခု ရုံးထဲမှာ တာဝန်ရှိသူ ဘယ်သူရှိလဲ။ ငါတွေ့ချင်တယ်ကွာ ဆိုတော့လည်း ရုံးစေ က မချေမငံ ပြန်ပြောတယ်။ မင်းက ငါ့ကို ဘာများ မှတ်နေလဲဆိုပြီး ဆရာတော် က ကားပေါ်မှာ အဆင်သင့်ပါတဲ့ ဟန်းစပီကာနဲ့ ရုံးရှေ့မှာ ဆန္ဒပြမယ်လုပ်တော့မှ ရုံးထဲက ဝန်ထမ်းတွေ ထွက်လာကြတယ်။ ဆရာတော်က ဆန္ဒပြမယ် လုပ်တော့မှ မလုပ်ပါနဲ့ ဘုရားလို့ တောင်းပန်ကြတယ်။ အဲဒီ ဝန်ထမ်းတွေရဲ့ ပြည်သူအပေါ် ထားတဲ့စိတ်စေတနာကို မြင်နိုင်ပါတယ်။ အဲဒီလို ပြဿနာဖြစ်ပြီးတော့မှ ကျောင်းတိုက်ကို လဝက ဝန်ထမ်းတွေ ကိုယ်တိုင်လာပြီး သာသနာဝင်ကတ်တွေ လုပ်ပေးသွားတယ်။ အခြားသော သာဓကတွေလည်း အများကြီးရှိပါတယ်။ ပြင်ဦးလွင်လို နေရာမျိုးမှာ မြေယာပြဿနာတွေ ရှိတယ်။ ကျွန်တော်တို့ ကူညီဆောင်ရွက်ပေးခဲ့ဖူးတဲ့ ကိစ္စတွေလည်း ရှိတယ်။ နစ်နာသူတွေက တင်ပြ၊ နိုင်ငံတော်အကြီးအကဲတွေက ပြန်လည် စိစစ်ဆောင်ရွက်ရန် လမ်းညွှန်၊ ဥပဒေလက်တစ်လုံးခြား လုပ်ထားတဲ့ ကိစ္စတွေမှာ တာဝန်ရှိသူတွေ ပါဝင်ပတ်သက်နေတယ်။ အဲဒီလူတွေကိုပဲ စိစစ်ဆောင်ရွက်ဖို့ ညွှန်ကြားသလိုဖြစ်နေတယ်။ ဂျာအေး သူ့အမေရိုက်သလိုပ အစိုးရတစ်ဆက်လည်း မပြီး၊ နှစ်ဆက်လည်း မပြီး နစ်နာသူတွေမှာ တင်ပြတိုင်ကြားရင်းက သေဆုံးသွားသူတွေ ရှိတယ်။ ပြဿနာတွေက မပြီးပြတ်ပါဘူး။

တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားတဲ့ ကာလအတွင်း ရန်ကုန်မြို့ပေါ်မှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတဲ့ အချိန် ကြုံတွေ့ခဲ့ရတဲ့ သာဓကလေးတစ်ခုကို တင်ပြချင်ပါသေးတယ်။ ရန်ကုန်မြို့ပေါ်မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ မြို့နယ်တွေအတွင်းမှာပဲ ဖြစ်ခဲ့တဲ့ ကိစ္စပါ။ ကလေးမလေးက (၁၄)နှစ် သာသာ ပဲ ရှိအုံးမယ်။ အလုပ်ရှင်က ခိုးယူသွားပြီး တခြားတနေရာမှာ ပေါင်းသင်းနေထိုင်တယ်။ မိခင်ဖြစ်သူ က တိုင်ကြားတော့ အမှုဖြစ်တယ်။ အမှုကို ရဲအရာရှိက ကြားဝင်ညှိနှိုင်းပေးနေတယ်။ ငွေကြေးရယူပြီး ကြေအေးဖို့ပေါ့။ အဲဒီလို လုပ်တာကို မိခင်ဖြစ်သူက လက်မခံနိုင်ဘူး။ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးစေချင်တယ်။ ရဲအရာရှိက ငွေနဲ့ ကြေအေးဖို့ပဲ နားချနေတော့ ဆရာတော်ထံ လာရောက်လျှောက်ထား တင်ပြတယ်။ ဆရာတော်ကိုယ်တိုင် လိုက်ပါပြီး မြို့နယ်ရဲစခန်းမှာ အမှုဖွင့်တော့မှ အမှုဖွင့်ပေးတယ်။ နောက်ဆက်တွဲ စစ်ခုံရုံးက အဲဒီအမှုကို ဥပဒေအတိုင်း စီရင်ချက်ချလိုက်တယ်လို့တော့ သိရတယ်။ အမှုသွားဖွင့်တဲ့နေ့က ငွေနဲ့ကြေအေးဖို့ ညှိပေးနေတဲ့ ရဲအရာရှိက မိခင်ဖြစ်သူကို ငေါက်နေသေးတယ်။ ဘယ်သူတွေ ပါလဲလို့ ရဲအရာရှိက မေးချိန်မှာ ဆရာတော်နဲ့ ကျွန်တော်တို့တွေက ရဲစခန်းရှေ့မှာ ရှိနေလို့ အမှုဖွင့်မပေးရင် သူ့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေပါ ထိပါးလာမယ့် အခြေအနေကြောင့် အမှုဖွင့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ကဲ - အဲဒီအမှုမှာ ရဲအရာရှိက တရားလိုက ဥပဒေနဲ့အညီ ဆောင်ရွက်ပေးလိုတာကို ဘာကြောင့် ငွေကြေးနဲ့ ကြေအေးဖို့ အမှုပွဲစား ဝင်လုပ်တာလဲ။ စဉ်းစားသာ ကြည့်ကြပေတော့။

အချို့သော တိုင်းရင်းသားဒေသတွေမှာ တာဝန်ရှိသူတွေက ဥပဒေလက်တစ်လုံးခြား လုပ်ရပ်တွေ လုပ်တယ်။ ဒေသခံပြည်သူတွေအပေါ် ဥပဒေနဲ့အညီ ဆောင်ရွက်ပေးတာမျိုး မရှိဘူး။ ဒေသခံပြည်သူများမှာလည်း မတရားဘူးဆိုတာကို သိပင်သိငြားလည်း ဥပဒေကို မသိ၊ ဥပဒေနဲ့အညီ ဘယ်လို တုန့်ပြန်ရမယ်ဆိုတာကို မသိဘူး။ အဲဒီလို ဖြစ်စဉ်တွေအပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဝင်ပြီး ဖျာခင်း၊ နိုင်ငံရေးအမြတ်ထုတ်မယ်။ ထို့အတူပဲ နိုင်ငံရေးသမားများကလည်း ထိုထိုသော ကိစ္စတွေအပေါ်မှာ ဝင်ရောက်ထောက်ပြ ပြောဆိုပြီး နိုင်ငံရေးအမြတ်ထုတ်မယ်။ အစိုးရကို ပြည်သူတွေက မုန်းတီးအောင်၊ မကျေနပ်မှုတွေ ဖြစ်ပေါ်အောင် လုပ်တဲ့ အဓိက တရားခံကတော့ ဝန်ထမ်းဆိုးတွေပဲ ဖြစ်ပါတယ်။

အနာရှိရင် ဆေးရှိတယ်၊ ပြဿနာရှိရင် ဖြေရှင်းနည်းလည်း ရှိပါတယ်။ အခု ပြဋ္ဌာန်းထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဆိုတာကလည်း အများပြည်သူကြားမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဥပဒေနဲ့အညီ တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး ဥပဒေလက်တစ်လုံးခြားလုပ်ရပ်များ ဖြစ်ပေါ်လာခဲ့သော် အရေးယူဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်။ 

ပြည်သူက အစိုးရကို မုန်းတီးတယ်ဆိုတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ အကြောင်းတရားတွေ ရှိပါတယ်။ ပြည်သူနဲ့ အစိုးရကြား အမုန်းတရားတွေ နည်းအောင်ဆိုရင် -

တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူများက ဥပဒေလက်တစ်လုံးခြား လုပ်ရပ်တွေ လျှော့ရပါမယ်။

အဂတိလိုက်စားမှုတွေကို ဆင်ခြင်ကြရပါမယ်။

ပြည်သူများကလည်း မိမိတို့ကြုံတွေ့ရတဲ့ ကိစ္စရပ်များအပေါ်မှာ ဥပဒေမဲ့ လုပ်ရပ်ကို လုပ်ဆောင်သူ၊ ဥပဒေလက်တစ်လုံးကြား လုပ်ပြီး ကိုယ်ကျိုးရှာနေသူတွေကိုပဲ အဓိက ပစ်မှတ်ထားပြီး ဥပဒေဘောင်အတွင်းကနေ ဖော်ထုတ် ဖြေရှင်းကြရပါမယ်။

ဥပဒေဘောင်အတွင်းက ဆောင်ရွက်တာမျိုးကို တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူများက ထပ်ဆင့်ပြီး ရှုပ်ထွေးအောင် လုပ်ဆောင်တာမျိုး၊ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိဘဲ မသိကျိုးကျွန်ပြုထားတာမျိုးတွေ လုပ်ဆောင်လာရင်တော့ ပြည်သူ့တရားစီရင်ရေးအရ အသင့်တော်ဆုံးနည်းနဲ့သာ စီရင်ကြပေတော့။

တိုင်းပြည်မှာ ပညာမဲ့တွေ ပေါများခြင်းကြောင့် ပြည်ဖျက်မိစ္ဆာတွေရဲ့ အသုံးချခံ အကြမ်းဖက်သမားတွေ ပေါများလာတယ်။ ပညာမဲ့ လူတန်းစာကို ဆင်ခြင်တုံတရားကင်းမဲ့ပြီး ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ဆောင်ကြဖို့ လှုံ့ဆော်တာ က ပညာရှိ သူယုတ်မာများ ဖြစ်ပါတယ်။ ဥပဒေမဲ့ လုပ်ရပ်တွေ ကျူးလွန်နေတဲ့အပေါ်မှာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ ပညာတတ်ကြီးများကရော ရိုးသားသလားဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်ရင် အစိုးရကို ပြည်သူတွေက ဘာကြောင့်မုန်းသလဲဆိုတဲ့ အဖြေကို တွေ့မှာ ဖြစ်သလို ဘယ်လို ဖြေရှင်းဆောင်ရွက်သင့်သလဲဆိုတဲ့ နည်းလမ်းကောင်းကို ရရှိနိုင်ပါတယ်။ စာပေအရ ပြောရင် တိုင်းပြည်မှာ ဥပဒေမဲ့ မလျော်ကန်တဲ့အလုပ်ကို အများဆုံး ကျူးလွန်သူများဟာ မင်းပိုင်းစိုးပိုင်းကပဲ ဖြစ်ပါသတဲ့ဗျာ။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)