မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးကို ပွင့်လင်းမြင်သာမှုရှိစွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးကို ပွင့်လင်းမြင်သာမှုရှိစွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေး








နေပြည်တော်၊ ဇူလိုင် ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စတုတ္ထအကြိမ် မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ရန်ရောက်ရှိနေသည့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံ ရေးဆိုင်ရာ အကြီးအကဲများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန် ဆောင်ဧည့်ခန်းမ၌ လာရောက် ဂါရဝပြု တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထဲရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများဖြစ် ကြသည့် အိန္ဒိယနိုင်ငံမှ H.E. Shri Ajit Doval ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Ambassador Abdul Motaleb Sarker ၊ ဘူတန်နိုင်ငံမှ Mr. Sonam Wangyel ၊ နီပေါနိုင်ငံမှ H.E. Mr. Harishchandra Ghimire ၊ သီရိလင်္ကာနိုင်ငံမှ General Kamal Gunaratne(Retd) WWV RWP RSP USP Ndc psc MPhil ၊ ထိုင်းနိုင်ငံမှ Ms. Kanyarat Angkanavisalya နှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey တို့တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံစဉ် ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး တက်ရောက်လာကြသည့် ဘင်းမ် စတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ ကိုယ်စား လှယ်များနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့က ဘင်းမ်စတက်အဖွဲ့အစည်းနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ ယင်းစိန်ခေါ်မှုများကို ပူးပေါင်းအဖြေရှာ၍ ဖြေရှင်းဆောင်ရွက် သွားရမည့်အခြေအနေ များနှင့် ပတ်သက်၍ တစ်ဦးချင်းရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ ကိုယ်စားလှယ်များ၊ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့သည် ဘင်းမ်စတက်အဖွဲ့အစည်း ပေါ်ပေါက်လာမှုအခြေအနေနှင့် ရည်ရွယ်ချက်များ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအချင်းချင်း စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေး၊ တည်ငြိမ်အေးချမ်းရေး၊ လူမှုရေးဆိုင်ရာလိုအပ်ချက်များနှင့် ဆက်သွယ်ရေးဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ အဖွဲ့ဝင်နိုင်ငံများအကြား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အကြမ်းဖက်မှုနှိမ်နင်းရေး၊ လူကုန်ကူးမှုနှင့် ဆိုက်ဘာလုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် အဖွဲ့ဝင်နိုင်ငံ များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းနိုင်ငံများအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် တွေ့ကြုံနေရသည့်စိန်ခေါ်မှုများကိုဖြေရှင်း ဆောင်ရွက်နိုင် မည့် အခြေအနေများ၊ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စတုတ္ထ အကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်း အဝေးကို ပွင့်လင်းမြင်သာမှုရှိစွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များ၊  ထိုင်း နိုင်ငံတွင်ကျင်းပမည့် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ကိစ္စရပ်များ၊  မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲလာမှု အခြေအနေ များနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘင်းမ်စတတ်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံ ရေးဆိုင်ရာအကြီးအကဲများ၊ ကိုယ်စားလှယ်များ၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် တို့နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်းသတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)