ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေး




ရန်ကုန်   ၊   ဇူလိုင်     ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းအချိန်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။


ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်း သီဆို၍ ကြိုဆိုခဲ့ကြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါ်ချိုချိုမြတ်အောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ ဒဂုံမြို့သစ်ခရိုင်စီံမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကို၊ ဒဂုံမြို့သစ်ခရိုင် ပညာရေးမှူး ဦးငွေသူရ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအကျိုးတော်ဆောင် ဦးကိုကိုနိုင်တို့က ကျောင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ကျင်းပပြုလုပ်သည့် စာအုပ်စာစောင်နှင့် ဓာတ်ပုံပြခန်းများ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများ၏ ကျပန်း စကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာ ရေးစပ်နည်းပြိုင်ပွဲများ စသည့်ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုနှင့် စာအုပ်အရောင်းဆိုင်တို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။


ဆက်လက်ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများက “ ထိန်းသိမ်းစို့လေ စာပေအမွေ ” သီချင်းဖြင့်လည်းကောင်း၊ “ ပညာပန်းခင်း ” သီချင်းဖြင့်လည်းကောင်း ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် လျှပ်စစ်စွမ်းအင်၊ ရေရရှိမှု၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုစတဲ့ စီးပွားရေးအခြေခံ အဆောက်အဦ ထူထောင်နိုင်မှုစွမ်းအား (Physical Capital) နဲ့ လူသားအရင်းအမြစ်ဖြစ်တဲ့ လူမှုရေးစွမ်းအား (Social Capital) တို့က အရေးပါ စမြဲဖြစ်ပါကြောင်း၊ ဒီစွမ်းအားတွေမှာ အသိဉာဏ်ရှင်သန်ဖွံ့ဖြိုးတဲ့ လူမှုအသိုက်အဝန်း တစ်ရပ်တည်ဆောက်ဖို့ လူ့စွမ်းအားက အရေးကြီးဆုံးဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာကတော့ နိုင်ငံသားတွေကို အရေအတွက်ကနေ အရည် အချင်းသို့ ပြောင်းလဲလိုက်ခြင်းပဲ ဖြစ်ပါကြောင်း၊ နိုင်ငံသားတွေရဲ့ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုတွေကို အသုံးပြုပြီး အရည်အချင်းပြည့်ဝတဲ့ လုပ်ဆောင်ချက်တွေ၊ အရည်အသွေးမီတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နိုင်မယ်ဆိုရင် အဲဒီနိုင်ငံဖွံ့ဖြိုးတိုးတက် တဲ့ နိုင်ငံဖြစ်လာပါပြီဖြစ်ပါကြောင်း၊ အဲဒီလို လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ လူတိုင်းလူတိုင်း စာတတ်ကြဖို့လိုအပ်ပါကြောင်း၊ စာဖတ်မှသာလျှင် အသိပညာ၊ အတတ်ပညာ၊ နည်းပညာနဲ့ ကျွမ်းကျင်မှုတွေကို ဆက်လက် ဆည်းပူးရာ ရောက်ပါကြောင်း၊ စာဖတ်တဲ့သူတွေအနေနဲ့ သတင်းအချက်အလက် သိရှိဖို့ (Reading For Information)၊ အသိ အမြင် နိုးကြားပွင့်လင်းဖို့ (Reading For Understanding)၊ အပျော်တမ်း ဖတ်ရှုဖို့ (Reading For Entertainment) ဆိုပြီး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဖတ်ရှုလေ့လာနေကြတာကို သတိပြုမိပါကြောင်း၊ လောကီ၊ လောကုတ္တရာ နှစ်ဖြာသောကောင်းကျိုးကို ပေးစွမ်းနိုင်တဲ့အတွက် စာပေကို လေ့လာဖတ်ရှုရမှာ ဖြစ်ပါကြောင်း၊ စာပေဗဟုသုတကြွယ်ဝခြင်းက လူ့ဘဝရဲ့ အကြောင်းအကျိုး၊ အကောင်းအဆိုးကို သိမြင်နိုင်တယ်။ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတယ်။ ဘဝတစ်လျှောက်လုံး ကောင်းစွာ ပြုမူကျင့်ကြံနေထိုင်ရေးကို သိရှိစေတယ်။ ကိုယ်၊ နှုတ်၊ နှလုံးကို လိမ္မာယဉ်ကျေးစေတယ်။ ဆင်ခြင်တုံတရားကိုလည်း တိုးပွားစေတဲ့ အတွေ့အကြုံအသစ်တွေ ကို သိရှိခွင့်ရစေတယ်။ စိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို ချဉ်းကပ်နိုင်တယ်။ အချိန်ကုန်သက်သာ၊ လူမပင်ပန်း ဘဲ ဗဟုသုတများစွာကို ရရှိစေပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်တဲ့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန် မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားမှာ စာပေဖတ်ရှုမှုကို အခြေခံတဲ့ စာပေဆိုင်ရာပြိုင်ပွဲတွေ ပါဝင်သလို စာအုပ်အရောင်းဆိုင်၊ စာအုပ်ပြခန်းတွေ၊ စာပေဟောပြောပွဲပါ စီစဉ်ထားရှိတဲ့အတွက် ကျောင်းသားကျောင်းသူ၊ လူငယ်မောင်မယ်များအတွက် စာပေနဲ့ ထိတွေ့ခွင့်ရရှိစေပါကြောင်း၊ ဒီလိုစာပေနဲ့ ထိတွေ့မှုတွေကနေတစ်ဆင့် စာဖတ်တဲ့အလေ့အထတွေ၊ စာကြည့်တိုက်ကို အသုံးပြုတဲ့ ဓလေ့တွေ စွဲကပ်လာလိမ့်မယ်လို့ ယူဆပါကြောင်း၊ ကျောင်းသားကျောင်းသူ၊ လူငယ်မောင်မယ်တွေ စာပေဖတ်ရှုလာစေရေး အတွက် စာပေဆိုင်ရာအဖွဲ့အစည်းများက နည်းလမ်းများရှာဖွေ ဆောင်ရွက်ပေးကြပါ။ ကျောင်းစာကြည့်တိုက်များ အသုံးပြုနိုင်ရေး အတွက် ဆရာ/ဆရာမများက စီစဉ်ဆောင်ရွက်ပေးကြပါလို့ မှာကြားလိုပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လူ့စွမ်းအားအရင်း အမြစ်တွေ ဖွံ့ဖြိုးတိုးတက်စေဖို့ စာတတ်ခြင်း၊ စာဖတ်ခြင်းက အရေးပါလှပါကြောင်း၊ စာဖတ်ခြင်းဖြင့် မိမိအတွက်သာမက မိသားစုနဲ့ ပတ်ဝန်းကျင်၊ နိုင်ငံအတွက်ပါ အကျိုးများစွာဖြစ်ထွန်းစေပါကြောင်း၊ ဒါကြောင့် ကျောင်းသား/ကျောင်းသူ လူငယ် မောင်မယ်များအနေနဲ့ လူ့စွမ်းအားဖွံ့ဖြိုးပြီး အတွေးအခေါ် အမြော်အမြင် ဗဟုသုတတိုးပွားဖို့ စာတတ်သူတိုင်း စာဖတ်ကြပါစို့လို့ တိုက်တွန်းပြောကြားလိုပါကြောင်း ” စသည် ဖြင့် ပြောကြားခဲ့သည်။


ဆက်လက်ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းစာကြည့်တိုက် အတွက် သုတ/ရသစာအုပ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်နှင့် ကျောင်းအုပ်ကြီးတို့က လက်ခံရယူခဲ့ပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူရှင်များက အလှူငွေများနှင့် စာအုပ်စာစောင်များအား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူခဲ့သည်။ 


ထို့နောက် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ဒါရိုက်တာ အကယ်ဒမီ ညိုမင်းလွင်က “ စာဖတ်ခြင်း၏ အကျိုး ကျေးဇူး " ခေါင်းစဉ်ဖြင့် စာပေဆိုင်ရာများကို ဟောပြောခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က  ဒါရိုက်တာ အကယ်ဒမီ ညိုမင်းလွင် အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခဲ့သည်။ ယင်းနောက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား / ကျောင်းသူလေးများက " ဇာတိမာန် " သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး  ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ကျင်းပပြုလုပ်သည့် ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ထူးချွန်ဆုများကိုလည်းကောင်း၊ ကပြဖျော်ဖြေခဲ့ကြသည့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုများကိုလည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



နိုင်လင်းအောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)