(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး


နေပြည်တော်၊ ဇူလိုင် ၂၆

၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီပထမကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ကျင်းပရာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဥက္ကဋ္ဌများ၊ ဘာသာရပ်ဆိုင်ရာပညာရှင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက (၂၅) ကြိမ်မြောက် ငွေရတုဆိုသည့် ဝိသေသနှင့်အညီ ပြိုင်ပွဲကြီး၏ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများကို ထူးခြားသည့် အစီအစဉ်များနှင့် စီစဉ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုများလည်း ပြုလုပ်ထားပြီးဖြစ်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း၊ နိုင်ငံတော်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ်များကို တောက်လျှောက်လက်ဆင့်ကမ်းခဲ့ကြသည့် ပညာရှင်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိကြသည့် ဝါသနာရှင်မျိုးဆက်သစ် လူငယ်များ၏ ကြိုးပမ်းအားထုတ်မှုတို့ကို အခြေခံပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို လူအား၊ ငွေအား၊ အချိန်များ ပံ့ပိုးပြီးစဉ်ဆက်မပြတ်ကျင်းပနေခြင်းဖြစ်ကြောင်း၊ အချိန်ကာလတစ်ခုအထိ ရပ်နားခဲ့ရသည့် ပြိုင်ပွဲကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ၂၀၂၂ ခုနှစ်ကစတင်ပြီး ပြန်လည်ဖော်ထုတ်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၂၅) ကြိမ်မြောက် ငွေရတုတိုင်ခဲ့ပြီဖြစ်ကြောင်း။

မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုသည့် စကားရပ်ကိုအထူးပြုပြီး ကျင်းပပြုလုပ်သော ပြိုင်ပွဲဖြစ်ခြင်းကြောင့် ပြိုင်ပွဲနှင့် သက်ဆိုင်သူအားလုံးတို့၏ ပြိုင်ပွဲကာလအတွင်း နေထိုင်စားသောက်မှု၊ လှုပ်ရှားသွားလာမှု၊ ဝတ်စားဆင်ယင်မှုအရာအားလုံးတို့သည် အမျိုးသားရေးစရိုက်လက္ခဏာနှင့် ကိုက်ညီသည့် ပြုမူဆောင်ရွက်မှုတို့ဖြစ်စေရန် သတိထားဆောင်ရွက်နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကူညီကြရန် မေတ္တာရပ်ခံကြောင်း၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပြိုင်ပွဲကျင်းပရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ဆွေးနွေးကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် အဆို၊ အက၊ အရေး၊ အတီးဘာသာရပ်ဆိုင်ရာ အကဲဖြတ်လုပ်ငန်းအဖွဲ့မှ ပညာရှင်များက (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပရေးနိုင်ရေးအတွက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယခုနှစ်ကျင်းပပြုလုပ်မည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီများက ယခင်နှစ်အားနည်းချက်၊ အားသာချက်များကိုသုံးသပ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည်များကို အထူးဂရုပြုဆောင်ရွက် သွားကြရန်နှင့် လိုအပ်သည်များကို ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)