လှိုင်းဘွဲ၊ ဇူလိုင် ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ မိုးများ အဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေမှုကြောင့် မြို့ပေါ်ရပ်ကွက်အများစုနှင့် ကျေးရွာများအတွင်းရှိ နေအိမ်အများစုမှာ ရေဝင်နစ်မြုပ်မှုဖြစ်ပွားသည့်အတွက် ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက ရေဘေးရှောင်စခန်းများသို့ ယာယီပြောင်းရွှေ့ပေးနေလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့ပေါ်ရှိ အောင်ဆန်းခန်းမ၊ ဂျာမေဗလီ၊ အစိုးရမူလတန်းကြိုကျောင်း၊ ရွှေဂွန်းကျေးရွာ စသည့် ရေဘေးကယ်ဆယ်ရေးစခန်း (၄)ခုတို့တွင် ဇူလိုင်လ (၂၄) ရက်နေ့မှ (၂၅) ရက်နေ့အတွင်း ယာယီရေဘေးရှောင်နေကြရသော ပြည်သူများအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ် ဦးစီးမှူးရုံးမှ လူတစ်ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၂၁၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု၊ စုစုပေါင်း (၁၃၂)စု၊ လူဦးရေ စုစုပေါင်း (၅၇၅)ဦးတို့အား စုစုပေါင်း ဆန်ရိက္ခာဖိုးငွေ ကျပ်(၁၂၀၇၅၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များရှိ ရေဘေးသပြည်သူများအား အခြေချစစ်ဗျူဟာ(လှိုင်းဘွဲ)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်နှင့် တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများက စုပေါင်း၍ ထမင်းနှင့် ဟင်းများကို ချက်ပြုတ်၍ ထောက်ပံ့ပေးဝေလျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment