ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ၏ (၁၀၆) ကြိမ်မြောက် Executive Council အစည်းအဝေး (EC-106) သို့ မြန်မာသံအမတ်ကြီး တက်ရောက်ပါဝင်ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ၏ (၁၀၆) ကြိမ်မြောက် Executive Council အစည်းအဝေး (EC-106) သို့ မြန်မာသံအမတ်ကြီး တက်ရောက်ပါဝင်ဆွေးနွေး


သည်ဟိတ်၊ ဇူလိုင် ၁၅

ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်  ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (Organisation for the Prohibition of Chemical Weapons-OPCW) ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ရုံးချုပ်၌ ၉-၇-၂၀၂၄ ရက်မှ ၁၂-၇-၂၀၂၄ ရက်အထိ ကျင်းပခဲ့သော OPCW ၏ (၁၀၆) ကြိမ်မြောက် Executive Council အစည်းအဝေး (EC-106) သို့ OPCW ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တက်ရောက်ပါဝင်ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးတွင် လူသားဉာဏ်ရည်တု နည်းပညာ (Artificial Intelligence-AI) ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ CWC စာချုပ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဓာတုလက်နက် တားဆီး ပိတ်ပင်ရေးလုပ်ငန်းများတွင် AI နည်းပညာကို ထိရောက်စွာ အသုံးပြုနိုင်ရေး၊ ယင်းအတွက် OPCW Technical Secretariat က အဖွဲ့ဝင်နိုင်ငံများကို လိုအပ်သည့် နည်းပညာနှင့် အခြားအရင်းအမြစ်များ ပံ့ပိုးကူညီပေးရေး၊ ကမ္ဘာ့နိုင်ငံများ၏ ဓာတုပစ္စည်းများ လွှဲပြောင်းမှုဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ (World Customs Organization-WCO) နှင့် ပူးပေါင်းဆောင်ရွက်သွားရေး၊ OPCW အ‌နေဖြင့် အဖွဲ့ဝင် ဖွံ့ဖြိုးဆဲနိုင်ငံများကို နည်းပညာနှင့် ဖွံ့ဖြိုးမှု အကူအညီပေးရေး အစီအစဉ်မှ တစ်ဆင့် အရည်အသွေး မြှင့်တင်ရေး သင်တန်းများ (capacity building trainings) နှင့် အခြားနည်းပညာအကူအညီများ တိုးမြှင့်ပံ့ပိုးပေးရေး၊ ကမ္ဘာ့ပထဝီနေရာဒေသအရပ်ရပ်ရှိ အဖွဲ့ဝင်နိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များကို OPCW Technical Secretariat တွင် တိုးမြှင့်ခန့်ထားရေးအတွက် လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးမှု ပြုခဲ့ကြသည်။

မြန်မာသံအမတ်ကြီးက ဆွေးနွေးပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင် CWC စာချုပ်အား အတည်ပြုလက်မှတ်ရေးထိုးခဲ့ချိန်မှစ၍ ဓာတုလက်နက် ဖျက်သိမ်းရေးနှင့် တားဆီးပိတ်ပင်ရေးဆိုင်ရာ လုပ်ငန်းများတွင် CWC ၏ စည်းမျဉ်းကတိကဝတ်များနှင့်အညီ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး OPCW မှ ကြီးမှူးကျင်းပသည့် အစည်းအဝေးနှင့် သင်တန်းများ တွင် တက်ကြွစွာ ပါဝင်ခဲ့ပါကြောင်း၊ ဓာတုလက်နက် တားဆီးပိတ်ပင်ရေးလုပ်ငန်းများတွင် AI နည်းပညာအား ထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် စပ်လျဉ်း၍ ဖွံ့ဖြိုးဆဲနိုင်ငံများကို နည်းပညာနှင့် အခြားအရင်းအမြစ်များ တိုးမြှင့်ပေးအပ်ရေးကို ကြိုဆိုပါကြောင်း၊ Technical Secretariat တွင် ကမ္ဘာ့ပထဝီနေရာဒေသအရပ်ရပ်ရှိ အဖွဲ့ဝင်နိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များ၏ ကိုယ်စားပြုမှုအား တိုးမြှင့်ခန့်ထားရေးအတွက် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခြင်းကို  ထောက်ခံအားပေးပါကြောင်းနှင့် မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအနေဖြင့် Technical Secretariat ၏ “Talent Acquisition Programme” အောက်မှ ဆောင်ရွက်သည့် စွမ်းရည်မြှင့်သင်တန်းများတွင် ပူးပေါင်းပါဝင်တက်ရောက်ပြီး Technical Secretariat တွင် အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ပိုမိုထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)