အရှေ့မြောက်တိုင်း စစ်ဌာနချုပ် မှ အရာရှိကြီးအချို့ကို အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီးထားကြောင်း သိရပြီး လုပ်သင့် လုပ်ထိုက်တာတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် မှ အရာရှိကြီးအချို့ကို အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီးထားကြောင်း သိရပြီး လုပ်သင့် လုပ်ထိုက်တာတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား


နေပြည်တော်၊ သြဂုတ် ၅ 

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် မှ အရာရှိကြီးအချို့ကို အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီးထားကြောင်း သိရပြီး လုပ်သင့် လုပ်ထိုက်တာတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ယနေ့ နံနက်ပိုင်းက ထုတ်ပြန် ပြောကြားထားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က ထုတ်ပြန်ပြောကြားရာတွင် -

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ သတင်းကို ပြောပါမယ်။ MNDAA အကြမ်းဖက်ပူးပေါင်းအဖွဲ့ဟာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်ကို ချိုးဖောက်ပြီး ဇူလိုင်လ ၃ ရက်မှာ လားရှိုးကို စတင်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ စတင်တိုက်ခိုက်ကတည်းက စစ်ရေးနဲ့မဆိုင်တဲ့ သာမန်အရပ်သားပြည်သူတွေ နေတဲ့ နေရာတွေကိုပါ ရှော့တိုက်ဒုံးများ၊ ဒရော့ဗုံးများ ရာနဲ့ချီပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ သာမန်အရပ်သားပြည်သူ ရာနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ ဒီလိုတိုက်ခိုက်ရာမှာ စိတ်ကို ပြောင်းလဲစေတဲ့ မူးယစ်ဆေးများသုံးစွဲပြီး တိုက်ခိုက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ သြဂုတ်လ ၂ ရက်နေ့မှာတော့ တိုင်းစစ်ဌာနချုပ်အနီးက တပ်မတော်ဆေးရုံကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အချို့လူနာများကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ အချို့ကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ ကွက်ကဲမှုအောက် တပ်ရင်း တပ်ဖွဲ့များအနေနဲ့ ရန်သူကို အစွမ်းကုန် ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်းတပ်ဖွဲ့ဌာနချုပ်တွေမှာ မိသားစုဝင်အမျိုးသမီးများ၊ ကလေးငယ်များ၊ အရပ်သားများပါ ရှိနေတာဖြစ်လို့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိန်းသိမ်းဆောင်ရွက်ခဲ့ရတာတွေ ရှိပါတယ်။ အချို့သော ရဲမေများဟာ စစ်သည်များနဲ့ တန်းတူ မဆုတ်တမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ရဲမေများ၊ မှီခိုသူ မိသားစုဝင်များလည်း သေဆုံးခဲ့ရပါတယ်။ 

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနဲ့ သြဂုတ်လ ၃ရက်နေ့ ညနေပိုင်း ၆ နာရီခွဲအချိန်အထိ ဆက်သွယ်မှု ရရှိခဲ့ပြီး ယခုအချိန်အထိ ဆက်သွယ်မှု ပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲ သတင်းများအရ အရာရှိကြီးအချို့ကို အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေအားလုံးရဲ့ တိုင်းစစ်ဌာနချုပ် လားရှိုးနယ်မြေ၊ တပ်မတော်နဲ့ အမိနိုင်ငံတော်ကို တတ်စွမ်းသမျှ ရွပ်ရွပ်ချွံချွံ ကာကွယ်ခဲ့တာကို အသိအမှတ်ပြု လေးစားပါတယ်။ နိုင်ငံတော်အစိုးရ တပ်မတော်အနေနဲ့ ရဲဘော်တို့အပေါ် ရဲဘော်စိတ်အပြည့်နဲ့ နိုင်ငံတော်နဲ့ ပြည်သူအတွက် လုပ်သင့် လုပ်ထိုက်တာတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)