မင်းဘူးမြို့၌ နွားနှင့် ဆိတ် မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့၌ နွားနှင့် ဆိတ် မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ




မင်းဘူး ၊   ဩဂုတ် ၂၈


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် နွားနှင့် ဆိတ် မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မင်းဘူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ် (၅) ခုမှ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်နှင့်အညီ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေးနှင့် မွေးမြူရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မွေးမြူရေးတောင်သူများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာစိုက်ပျိုးမွေးမြူခြင်းမှ ခေတ်မီစိုက်ပျိုးမွေးမြူခြင်းသို့ ပြောင်းလဲကျင့်သုံးနိုင်ရေး၊ မွေးမြူ ရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ပြီး အသိပညာရှင်၊ အတတ်ပညာရှင်နှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး၊ ဒေသနှင့်ကိုက်ညီပြီး ကြီးထွားနှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ မွေးမြူထုတ်လုပ်နိုင်စေရန် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ မွေးမြူရေးတောင်သူများ၏ စီးပွားရေးအဆင်ပြေစေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဝက်၊ ဘဲစသည့် မွေးမြူရေးကဏ္ဍများအတွက် ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးထားပြီး ထပ်မံထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး၊ မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာအောင်မင်းမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မင်းဘူးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် နွားနှင့် ဆိတ် မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဥ် (၂/၂၀၂၄)တွင် ခရိုင်အတွင်းမှ မွေးမြူရေးနှင့်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် ဒေသခံ အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်းသားများဖြင့် မင်းဘူး (စကု) မြို့နယ်မှ ၂၅ ဦး၊ ပွင့်ဖြူမြို့နယ်မှ ၂၀ ဦး၊ စလင်းမြို့နယ်မှ ၂၅ ဦး၊ ငဖဲမြို့နယ်မှ ၂၀ ဦးနှင့် စေတုတ္တရာမြို့နယ်မှ ၁၃ ဦး စုစုပေါင်းသင်တန်းသား ၁၀၃ ဦး တက်ရောက်ခဲ့ကြောင်း၊ အဆိုပါသင်တန်းတွင် မေထုတ်မဲ့သားစပ်လုပ်ငန်းသမိုင်း၊ အမမျိုးပွားအင်္ဂါခန္ဓာဗေဒနှင့်ဇီဝကမ္မဗေဒ၊ နွားမျိုးနှင့် ဆိတ်မျိုးများအကြောင်း၊ မြိုင်သံသရာနှင့် မြိုင်စစ်ဆေးခြင်း၊ မျိုးပွားမှုဆိုင်ရာရောဂါများ၊ အမမျိုးပွားအင်္ဂါစမ်းသပ်ခြင်း၊ တိရစ္ဆာန်ကိုင်တွယ်ထိန်းချုပ်ခြင်း၊ သန္ဓေအောင်မြင်မှုကို အကျိုးသက်ရောက်စေသောအချက်များ၊ ဇီးစမ်းသပ်ခြင်း၊ မေထုန်မဲ့သားစပ်ခြင်း (လက်တွေ့)၊ မျိုးနွားမွေးမြူစောင့်ရှောက်ခြင်း၊ မျိုးပွားမှုဆိုင်ရာ အာဟာရဗေဒ၊ မေထုန်မဲ့သားစပ်ကိရိယာပြင်ဆင်ခြင်းနှင့် မျိုးရည်ခဲချောင်းအား သိုလှောင်ထိန်းသိမ်းခြင်း၊ နွားမျိုးများကို မျိုးမြှင့်တင်သားစပ်ခြင်း၊ မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာ နည်းလမ်းများနှင့် ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များစသည့် နွားများ၊ ဆိတ်များနှင့်ပတ်သက်သော ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ဖြင့် ဩဂုတ်လ ၂၆ ရက်မှ ၃၀ ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။


မောင်မောင် (မင်းဘူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)