မြန်မာ - ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးပြဿနားများအပေါ် နှိုင်းချိန်စဉ်းစားပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ - ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးပြဿနားများအပေါ် နှိုင်းချိန်စဉ်းစားပါ


မြန်မာနိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲကစလို့ မဲလိမ်မဲခိုး ပြဿနာက အစပြုပြီး တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူခဲ့ရတဲ့ အခြေအနေ ဖြစ်ပေါ်ခဲ့တယ်။ အာဏာလက်မဲ့ ဖြစ်ခဲ့ရတဲ့ NLD ပါတီက အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ အကူအညီနဲ့ ဆူပူဆန္ဒပြမှုများမှသည် အကြမ်းဖက်လမ်းစဉ်ပေါ်ကို ရောက်ရှိလာခဲ့တယ်။ ၂၀၂၁ ကစလို့ ယနေ့အချိန်အထိ အကြမ်းဖက်လုပ်ရပ် ကျူးလွန်နေကြဆဲဖြစ်သလို NLD ပါတီကနေ ပေါ်ပေါက်လာတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များနဲ့အတူ အနောက်သြဇာခံ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ပူးပေါင်းလှုပ်ရှားမှုဟာ အရှိန်အဟုန်ကောင်းနေဆဲ ဖြစ်ပါတယ်။ NUG, PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၈၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေကတော့ အချိန်တိုအတွင်းမှာပဲ ဆိုးရွားစွာ ဖြစ်ပေါ်လာခဲ့တာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ အစိုးရအလုပ်အကိုင် ခွဲတမ်းအပေါ် မကျေမနပ်ဖြစ်ရာနေ ဆူပူဆန္ဒပြမှုတွေကို အရှိန်အဟုန်မြှင့်တင်ခဲ့ပြီး ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးမှ နှုတ်ထွက်ပြီး တိုင်းပြည်ကနေ ရှောင်ထွက်ခဲ့ရသည် အထိ ဖြစ်ပေါ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ သည် ဩဂုတ် ၅ ရက်တွင် ရာထူးမှ နုတ်ထွက်သွားကြောင်း၊ နိုင်ငံစီမံအုပ်ချုပ်ရေးအတွက် ယာယီအစိုးရအမြန်ဆုံးဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်တပ်မတော် ကြည်းတပ် စစ်ဦးစီးချုပ် Waker-uz-Zaman က ယင်းနေ့ ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့ပါတယ်။

Waker-uz-Zaman က ပြည်သူလူထုအနေဖြင့် စိတ်အေးအေးထားကြရန်၊ နိုင်ငံ ငြိမ်းချမ်းရေးနှင့်စည်းစနစ်ကျရေးကို အတူကြိုးပမ်း ကာကွယ်ထိန်းသိမ်းရန် တိုက်တွန်းပြောကြားခဲ့သလို မကြာမီကာလများက ပြည်တွင်း၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကို စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ရုပ်မြင်သံကြားမိန့်ခွန်းတွင် အလေးထားပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်တွင် လုပ်ငန်းပိုင်းဆိုင်ရာစနစ်အချို့ကို မကျေနပ်သည့် ဆန္ဒပြလှုပ်ရှားမှု အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ရာ ဆန့်ကျင်ဆန္ဒပြမှုများတွင် အကြမ်းဖက်လှုပ်ရှားမှုများကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း သတင်းများအရ သိရပါတယ်။ သြဂုတ်လ ၄ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားခဲ့ရာ ရှိတ်ဟာစီနာနှင့် ၎င်း၏အစိုးရ ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်ပါတယ်။

ရှိတ်ဟာစီနာသည် ရဟတ်ယာဉ်ဖြင့် ဘင်္ဂလားဒေ့ရှ်မှ အိန္ဒိယသို့ ထွက်သွားခဲ့ရပါတယ်။ ရှိတ်ဟာစီနာသည် အသက် ၇၇ နှစ် ရှိပြီဖြစ်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံး သမ္မတ ဘန်ဂါဘန်ဒူ ရှိတ်မူဂျီဘူရာမန်၏ သမီးကြီး ဖြစ်ပါတယ်။  သမ္မတ ဘန်ဂါဘန်ဒူ ရှိတ်မူဂျီဘူရာမန်ဟာ ဘင်္ဂါလားဒေ့ရှ်နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဖြစ်ပါတယ်။ ရှိတ်ဟာဆီနာသည် ၁၉၉၆ ခုနှစ်၊ ၂၀၀၉ ခုနှစ်၊ ၂၀၁၄ ခုနှစ်၊ ၂၀၁၉ ခုနှစ် များတွင် လေးကြိမ်ဆက်တိုက် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ငါးကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ 

ဆိုးရွားလှစွာသော အခြေအနေမှာ ရာထူးကနေ နှုတ်ထွက်ပြီး တိုင်းပြည်ကနေပါ ထွက်ခွါခဲ့ရတဲ့ အဖြစ်မျိုးကို ရောက်ရှိခဲ့ပါတယ်။ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ အခြေအနေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတက အမျိုးသားလွှတ်တော် ဖျက်သိမ်းကြောင်း ဩဂုတ် ၆ ရက်တွင် ကြေညာခဲ့ပါတယ်။ သမ္မတ Mohammed Shahabuddin သည် တပ်မတော် စစ်ဦးစီးချုပ်၊ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ဆွေးနွေးပြီးနောက် အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။ အကျဉ်းချထားသည့် ဝန်ကြီးချုပ်ဟောင်း Begum Khaleda Zia ကို လွှတ်ပေးရန် သမ္မတက အမိန့်ချခဲ့ကြောင်း ကြေညာချက်တွင် ရေးသားထားပါတယ်။ ထပ်မံ ထွက်ပေါ်လာတဲ့ သတင်းတွေအရ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ် (Muhammad Yunus) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြားဖြတ်အစိုးရ ခေါင်းဆောင်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဩဂုတ် ၇ ရက် နံနက်အစောပိုင်း၌ သတင်းဖော်ပြခဲ့ပါတယ်။ သမ္မတ Mohammed Shahabuddin နှင့် အစိုးရခေါင်းဆောင်သုံးဦး၊ Anti-Discrimination Student Movement ညှိနှိုင်းရေးမှူးများက ဩဂုတ် ၆ ရက် ညပိုင်းတွင် ကြားဖြတ်အစိုးရဖွဲ့စည်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် BSS သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ အစည်းအဝေး အဆိုပြုချက်ကို နိုင်ငံအကြီးအကဲကလည်း သဘောတူခဲ့ကြောင်း သမ္မတ၏ ပြန်ကြားရေးဝန်ကြီး Md. Joynal Abedin က သတင်းအေဂျင်စီအား ပြောခဲ့ခြင်းဖြစ်ပါတယ်။ ကြားဖြတ်အစိုးရ၏ အခြားအဖွဲ့ဝင်များကို နိုင်ငံအတွင်းရှိ တခြားနိုင်ငံရေးပါတီများနှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် အပြီးသတ်ဖော်ပြမည်ဖြစ်ကြောင်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Shahabuddin က ဆိုပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးက နှုတ်ထွက်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ် က ကြားဖြတ်အစိုးရကို ဦးဆောင်သူဖြစ်လာတဲ့ ဇာတ်လမ်းရဲ့ အဆက်ကို လေ့လာကြည့်တဲ့အခါ ရှိတ်ဟာဆီနာ ထုတ်ဖော် ပြောကြားထားတာက -

၎င်းအနေဖြင့်   အမေရိကန်၏ စနက်ကြောင့် ရာထူးမှ   နုတ်ထွက်ရခြင်းဖြစ်ကြောင်း၊ အမေရိကန်တောင်းဆိုသော မဟာဗျူဟာမြောက်ကျွန်းဖြစ်သည့် စိန့်မာတင်ကျွန်းကို မပေးခြင်းကြောင့် ယခုကဲ့သို့ဖြစ်စဉ်များ ဖြစ်ပွားအောင် ထိုနိုင်ငံကကြံစည် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ "တကယ်လို့ ကျွန်မအနေနဲ့ အမေရိကန်တို့တောင်းဆိုတဲ့အတိုင်း စိန့်မာတင်ကျွန်းကို သူတို့ဆီငှားပေးလိုက်မယ်ဆိုရင် ကျွန်မက ဝန်ကြီးချုပ်ရာထူးမှာ ဆက်ရှိနေ မယ်ဆိုတာ သိပါတယ်" ဟု ရှိတ်ဟာဆီနာ က ရေးသားထားကြောင်း The Economic Times သတင်းစာကဖော်ပြထားပါတယ်။ 

အမေရိကန်သည် ပြီးခဲ့သည့်နွေရာသီတွင် စိန့်မာတင်ကျွန်းကို ငှားရမ်းရန်အဆို ပြုလာသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက မငှားပေးခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းအနေဖြင့် ရာထူးမှနုတ်ထွက်သည့် လမ်းကြောင်းကို‌ ရွေးချယ်ခဲ့ ခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် တစ်ယူသန်သမားများ၏ ကြိုးကိုင်ခြယ် လှယ်မှုကို မခံစေလိုကြောင်း ရှိတ်ဟာဆီနာ က ပြောဆိုထားပါတယ်။

ရှိတ်ဟာဆီနာ ဦးဆောင်ခဲ့တဲ့ ကာလတလျှောက် အနောက်အုပ်စုရဲ့ သြဇာခံအနေနဲ့ ရပ်တည်ခဲ့ခြင်းမျိုး မဟုတ်ဘဲ တရုတ်၊ ရုရှား၊ အိန္ဒိယတို့နဲ့သာ အလေးထား ဆက်ဆံပြီး တိုင်းပြည်ကို ဦးဆောင်သွားတာမျိုး ဖြစ်ပါတယ်။ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူအုံကြွမှုတွေမှာ လူ ၄၄၀ ကျော်သေဆုံးခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးပဋိပက္ခနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကာလတိုအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေကို နှိုင်းယှဉ်ကြည့်ရင် ပြောင်းပြန်အချိုးကျနေတာမျိုးကို တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ သြဇာခံ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ မဲလိမ်မဲခိုးမှုကို ဦးဆောင်ပြီး အဂတိလိုက်စားမှုတွေကြောင့် အကျဉ်းကျခံ ဘဝရောက်ခံခဲ့ရပါတယ်။ တချိန်တည်းမှာပဲ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်စုရဲ့ ထမီနားကို ခိုလိုက်ခဲ့ကြသူတွေဟာ အကြမ်းဖက်အဖွဲ့များဖွဲ့စည်းပြီး ထောက်ခံအားပေးသူများကို အကြမ်းဖက်သမားများအဖြစ် အသုံးချကာ တိုင်းဖျက် ပြည်ဆူ လုပ်ခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ အနောက်အုပ်စုရဲ့ သြဇာခံ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် က ကြားဖြတ်အစိုးရကို ဦးဆောင်ဖွဲ့စည်းတဲ့သတင်း ထွက်လာပြီး နောက်ဆက်တွဲအနေနဲ့ ရှိတ်ဟာဆီနာကို ထောက်ခံတဲ့သူတွေကို နှိပ်စက်ညှဉ်းပမ်း စော်ကားမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

မြန်မာပြည်မှာတော့ အာဏာလက်မဲ့ဖြစ်သွားတဲ့ အမေရိကန်ရဲ့ သြဇာခံတွေက အကြမ်းဖက်သမားများအဖြစ် အသွင်ပြောင်းပြီး သူတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်ခဲ့ကြခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်မှာတော့ အနောက်စုရဲ့ သြဇာခံတွေ စင်ပေါ်ရောက်လာပြီး ရှိတ်ဟာဆီနာကို ထောက်ခံအားပေးတဲ့ ပြည်သူတွေ အတိဒုက္ခရောက်ရမယ့် အခြေအနေမျိုး ဖြစ်လာပါတယ်။

ဆက်စပ်စဉ်းစားကြည့်ရင် လက်ရှိ မြန်မာနိုင်ငံကို တပ်မတော်ကို က ဦးဆောင်နေသည့်တိုင်အောင် ဒီမိုကရေစီအရည်ခြုံ အနောက်အုပ်စုရဲ့ သြဇာခံ အကြမ်းဖက်ဝါဒီတွေကို ပြတ်ပြတ်သားသား နှိမ်နင်းမှု မရှိခြင်းဟာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာ ထပ်မံ ထိခိုက်ဆုံးရှုံးရမယ့် အခြေအနေမျိုးဖြစ်ပါတယ်။ အနောက်အုပ်စုဟာ သူတို့တိုင်းပြည်တွေမှာတော့ ဆူပူအကြမ်းဖက်မှုတွေ မဖြစ်ပေါ်အောင် ထိန်းသိမ်းပြီး ဒီမိုကရေစီယဉ်ကျေးမှုကို တည်ဆောက်ထားသည့်တိုင်အောင် အခြားသော တိုင်းပြည်တွေမှာတော့ ဒီမိုကရေစီအရည်ခြုံ အကြမ်းဖက်ဝါဒီတွေကို အားပေးအားမြှောက် လုပ်နေတာ ထင်ရှားလာပါတယ်။ မြန်မာပြည်မှာ အာဏာလက်မဲ့ ဖြစ်သွားတဲ့ အနောက်အုပ်စုရဲ့ သြဇာခံအဖွဲ့အစည်းများကို အကြမ်းဖက်လမ်းစဉ်ပေါ် တွန်းတင်ပေးခဲ့သလို ဘင်္ဂလားဒေ့ရှ်မှာ လက်တလောအခြေအနေရ အသာစီးရလာတဲ့ အနောက်အုပ်စုရဲ့ သြဇာခံတွေဟာလည်း အကြမ်းဖက်ဝါဒီတွေ အဖြစ် မြင်တွေ့လာရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲလာတဲ့ အခြေအနေနဲ့ ရှိတ်ဟာဆီနာ ထုတ်ဖော်ပြောကြားခဲ့သလို မဟာဗျူဟာမြောက်ကျွန်းဖြစ်သည့် စိန့်မာတင်ကျွန်းကို အမေရိကန်ကိုသာ ငှားရမ်းလိုက်မယ်ဆိုရင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုအတွက် အမြင့်ဆုံး စိုးရိမ်ရေမှတ်ကို ရောက်လာလိမ့်မယ်လို့ ယူဆရပါတယ်။ တရုတ်၊ အိန္ဒိယတို့ကဲ့သို့သော အင်အားကြီးနိုင်ငံများအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေအပေါ်မှာ မျက်ကွယ်ပြုထားလို့ မရသလို စိုးရိမ်ရေမှတ်ကို ရောက်မလာစေဖို့ ဝိုင်းဝန်းဆောင်ရွက်သင့်တဲ့ အခြေအနေအဖြစ် သုံးသပ်ရမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံအနေနဲ့လည်း အနောက်အုပ်စုရဲ့ သြဇာခံ ဒီမိုကရေစီအရည်ခြုံ အကြမ်းဖက်ဝါဒီတွေကို နှိမ်နင်းရေးမှာ တွေဝေမိန်းမောနေတာကို အဆုံးသတ်သင့်ပါပြီ။ အကြမ်းဖက်နှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ဖြစ်နေတဲ့ ပြည်သူများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အကြမ်းဖက်နှိမ်နင်းရေးကို ထိရောက်ပြတ်သားစွာနဲ့ တွေဝေခြင်းမရှိဘဲ ဆောင်ရွက်သင့်ပါပြီ။ အစိုးရအဖွဲ့ကို ဦးဆောင်သူတွေက တွေဝေမိန်းမောနေချိန်၊ ဒေသဆိုင်ရာ အာဏာပိုင်တွေက အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာနေကြတယ်။ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေမှာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ အတုန်းအရုံးသေပေးနေရတယ်။ အစိုးရအနေနဲ့ အကြမ်းဖက်နှိမ်နင်းရေးကို မဟာဗျူဟာမြောက် ထိရောက်တဲ့ အစီအမံများနဲ့ ပြင်ဆင်ဆောင်ရွက်မှသာ ဒီမိုကရေစီအရည်ခြုံ အနောက်အုပ်စုရဲ့ သြဇာခံ ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီတွေရဲ့ ရက်စက်ယုတ်မာမှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ ထိခိုက်သေဆုံးနေရတဲ့ အခြေအနေကို အဆိုးဆုံးအဆင့်ထိ မရောက်အောင် ထိန်းသိမ်းနိုင်ပါလိမ့်မယ်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)