မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက်၌ မန်းချောင်းရေ ၃ ပေခန့် ဖြတ်ကျော်စီးဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက်၌ မန်းချောင်းရေ ၃ ပေခန့် ဖြတ်ကျော်စီးဆင်း





မင်းဘူ: ၊ ဩဂုတ် ၂


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ယခုရက်ပိုင်း နေ့စဉ် မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက်၌ ယနေ့နံနက်ပိုင်းက မန်းချောင်းရေ ၃ ပေခန့် ဖြတ်ကျော်စီးဆင်းလျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။


မင်းဘူး (စကု) မြို့နယ်၌ ဇူလိုင်လ ၃၁ ရက် ညပိုင်းမှ စတင်ကာ နေ့စဉ် မိုးများ အဆက်မပြတ်ရွာသွန်းလျက်ရှိကြောင်း၊ မိုးရွာသွန်းမှုများကြောင့် မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက်၌ ဩဂုတ်လ ၁ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်မှစတင်ပြီး မန်းချောင်းရေများ ဖြတ်ကျော်စီးဆင်းကာ ညပိုင်းတွင် ရင်ပြင်အထက် ၅ ပေခန့်အထိ သိသိသာသာ တိုးမြင့်ရောက်ရှိခဲ့ကြောင်း၊ ယနေ့ ဩဂုတ်လ ၂ ရက် နံနက်ပိုင်းတွင် မန်းချောင်းရေများ ပြန်လည်ကျဆင်းပြီး အောက်စက်တော်ရာ ရင်ပြင်အထက် ၃ ပေခန့်သာ ဆက်လက် ဖြတ်ကျော်စီးဆင်းလျက်ရှိကြောင်း၊ မန်းချောင်းအတွင်း နှစ်စဉ် ရေကြီးမှုဖြစ်ပွားရခြင်းမှာ မန်းရွှေစက်တော်ဘုရားအထက်ပိုင်းရှိ ဒေသများ၌ နေ့စဉ် မိုးများရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများက ပန်းထိမ်းမန်းချောင်းနှင့် ငဖဲမန်းချောင်းအတွင်းသို့ စီးဆင်းဝင်ရောက်ကာ အဆိုပါမန်းချောင်းများမှတစ်ဆင့် ရွှေစက်တော်မန်းချောင်းအတွင်းသို့ ဆက်လက်ဖြတ်သန်းစီးဆင်းဝင်ရောက်ပြီး ရေကြီးမှုဖြစ်ပွားရခြင်းဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။


ထို့အပြင် မန်းရွှေစက်တော်ဘုရားကြီး အထက်ပိုင်းရှိ ငဖဲမြို့နယ် မန်းချောင်းရေလှောင် တမံ၌ ယနေနံနက် ၈ နာရီအချိန် တိုင်းထွာချက်အရ ပင်မရေပိုလွှဲမှ ၅ ဒသမ ၇ ပေခန့် ရေကျော်စီးဆင်းပြီး အဆိုပါမန်းချောင်းရေများက ရွှေစက်တော်မန်းချောင်းအတွင်းသို့ ပိုမိုဖြတ်သန်းစီးဆင်းဝင်ရောက်ကာ မန်းချောင်းအောက်ပိုင်းရှိ မင်းဘူး(စကု)မြို့နယ်အတွင်းက မြေနိမ့်ပိုင်းကျေးရွာအချို့တွင် မန်းချောင်းရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ပြောသည်။


မန်းရွှေစက်တော်ဘုရားကြီးတွင် ယခင်နှစ် မေလပိုင်းက မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်းစွာရွာသွန်းပြီး တောင်ကျရေများစီးဆင်း၍ ပန်းထိမ်းမန်းချောင်းနှင့် ငဖဲမန်းချောင်းအတွင်း ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ကာ မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာ ရင်ပြင်အထက် ပန်းဆွဲသို့ရောက်ရန် ၂ ပေခန့်အလိုထိ မန်းချောင်းရေများ ဖြတ်ကျော်စီးဆင်းကာ ရွှေစက်တော်မန်းချောင်းအောက်ပိုင်းတစ်လျှောက်ရှိ ဒေသများတွင် ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


မောင်မောင်(မင်းဘူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)