ရွှေဝါရောင်အမည်ခံ ကိုယ်တော်များ ဆိုသည်မှာ - - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဝါရောင်အမည်ခံ ကိုယ်တော်များ ဆိုသည်မှာ -



ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာတစ်ခုဖြစ်တဲ့ DVB သတင်းဌာန က အကြမ်းဖက်လှုံ့ဆော်မှုတွေ ပြုလုပ်နေတဲ့ ရွှေဝါရောင်ကိုယ်တော် အမည်ခံ ပုဂ္ဂိုလ်တွေရဲ့ စကားကို အဟုတ်ကြီးလုပ်ပြီး ဆရာတော်ဦးဝီရသူ၊ ဆရာတော်ဦးဝါသဝ၊ ပေါက်ကိုယ်တော် တို့ကို အရေးယူပေးဖို့ တောင်းဆိုတယ်ဆိုတဲ့ ရုပ်သံကို တွေ့မြင်ရပါတယ်။

NLD ပါတီကို ဝန်းရံတဲ့ ရွှေဝါရောင်အမည်ခံ ပုဂ္ဂိုလ်တွေ၊ နွေဦးတော်လှန်ရေးကိုယ်တော် ဆိုသူတွေ ဟာ NLD ပါတီ ကနေ NUG, CRPH, PDF အကြမ်းဖက်အဖွဲ့များအဖြစ် အသွင်ပြောင်လာသည့်အပေါ်မှာ ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်း ရက်စက်စွာ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ခဲ့ကြတာ အားလုံးအသိပါ။ PDF နှင့် ပူးပေါင်း အကြမ်းဖက်အဖွဲ့များက သံဃာတော်များကိုပါ သတ်ဖြတ်နေသည့်တိုင်အောင် ရေငုံနှုတ်ပိတ်နေပြီး ရက်စက်စွာ သတ်ဖြတ်မှုတွေကို အားပေးထောက်ခံနေကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။

အဆိုပါ ပုဂ္ဂိုလ်များသည် ဘုရားသားတော်များအဖြစ် ခံယူထားသည့်တိုင်အောင် မြတ်စွာဘုရားရဲ့ လမ်းစဉ်နဲ့ ဆန့်ကျင်ပြီး သူတို့ရဲ့လှုပ်ရှားမှုကို ထောက်ခံအားပေးခြင်းမရှိတဲ့ ပုဂ္ဂိုလ်မှန်သမျှကို သတ်ဖြတ်ခြင်းဟာ တရားတယ်လို့ အယူရှိကြတဲ့ အဓမ္မဝါဒီတွေ ဖြစ်ကြပါတယ်။

PDF နဲ့ ပူးပေါင်းအကြမ်းဖက်အဖွဲ့တွေက သံဃာတော် အပါး ၁၄၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်များနဲ့ ပတ်သက်လို့ ရေငုံနှုတ်ပိတ်နေခဲ့ကြတဲ့ ပုဂ္ဂိုလ်များဟာ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မှားယွင်းပစ်ခတ်မိတဲ့ ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ချိန်မှာတော့ သံဃာတော်များအနေနဲ့ တပ်မတော်ဦးဆောင်တဲ့ အစိုးရကို ပတ္တနိက္ကုဇ္ဇနကံဆောင်ဖို့ အားကောင်းမောင်းသန် လှုံ့ဆော်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။ သို့သော် ပြည်တွင်းရှိ သံဃာအများစုက ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေနဲ့ ပေါင်းပြီး အဓမ္မဝါဒီတွေ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ လှုံ့ဆော်မှုနောက်ကို လိုက်ပါ ဆောင်ရွက်ခဲ့ခြင်း မရှိပါဘူး။ ပတ္တနိက္ကုဇ္ဇနကံဆောင်ဖို့ လှုံ့ဆော်ခြင်းဟာလည်း အောင်မြင်မှုမရခဲ့ပါဘူး။

ဒီရက်ပိုင်းအတွင်းမှာတော့ ဆရာတော်ဦးဝီရသူ က အစိုးရဲ့ အကြမ်းဖက်နှိမ်နင်းရေးကို ဝေဖန်ထောက်ပြ ပြောဆိုခဲ့ပါတယ်။ ဆရာတော်ရဲ့ ပြောဆိုမှုက နိုင်ငံတော်အကြီးအကဲအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ မြို့ဖျက်တိုက်ပွဲတွေကို တားဆီးကာကွယ်ရန် အစီအစဉ်မရှိဘူးဆိုရင် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို အသေခံပြီး တိုက်မခိုင်းဖို့၊ တိုက်ခိုင်းမှာဆိုရင် သူတို့ရဲ့ လိုအပ်ချက်တွေကို လုံလောက်စွာ ဖြည့်ဆည်းပေးဖို့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့လည်း ခုခံကာကွယ်နှိမ်နင်းရမှာလား၊ ဆုတ်ခွါပေးရမှာလား တိကျတဲ့ လမ်းညွှန်မှု ရပြီးမှသာ အလုပ် လုပ်ကြဖို့ မိန့်ကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုတွေ များပြားလာတဲ့ အခြေအနေနဲ့ အစိုးရရဲ့ မပြတ်သားမှုကို ထောက်ပြပြောဆိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဆရာတော်ဦးဝါသဝ ဆိုတာကတော့ အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေးအတွက် စဉ်ဆက်မပြတ် လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ အကြမ်းဖက်သမားများ အခြေပြုလှုပ်ရှားရာ ဒေသမှ အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကျေးရွာများမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းနိုင်ရေး၊ KIA, PDF အကြမ်းဖက်ဘေးအန္တများကို ကာကွယ်တားဆီးနိုင်ရေး အစွမ်းကုန် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ထို့အတူ ပေါက်ကိုယ်တော် ဆိုရင်လည်း မန္တလေး၊ ပြင်ဦးလွင် အကြမ်းဖက်ဘေးအန္တရာယ်များနဲ့ ပတ်သက်လို့ အများပြည်သူ သိရှိသင့်တဲ့ အခြေအနေ၊ တာဝန်ရှိသူများအနေနဲ့ အကြမ်းဖက်နှိမ်နင်းရေး အလေးထားလုပ်ဆောင်သင့်တဲ့ အခြေနေများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေတာကို တွေ့နိုင်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများနဲ့ ပူးပေါင်းပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်နေတဲ့ ရွှေဝါရောင်အမည်ခံ ပုဂ္ဂိုလ်များ၊ နွေးဦးတော်လှန်ရေးကိုယ်တော် ဆိုတဲ့ ပုဂ္ဂိုလ်များဟာ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများကိုပင် ဝေဖန်ပုတ်ခတ် ပြောဆိုဖို့ ဝန်မလေးသည်အထိ ရိုင်းစိုင်းခဲ့တာကိုလည်း အများပြည်သူက သိမြင်နားလည်ပြီးဖြစ်ပါတယ်။ ရွှေဝါရောင်အမည်ခံ ပုဂ္ဂိုလ်အများစုဟာ သာသနာနဲ့ မအပ်စပ်တဲ့ လုပ်ရပ်တွေကို အရှက်အကြောက် ကင်းမဲ့စွာ လုပ်ဆောင်နေတာကိုလည်း သံဃာတော်များက ပိုပြီး သိပါတယ်။

သာသနာတော်နဲ့ မအပ်စပ်တဲ့ လုပ်ရပ်တွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်များရဲ့ စကားကို ပြည်ဖျက်မီဒီယာ ပုံကြီးချဲ့ ရေးသားပြဆိုရုံမျှနဲ့တော့ သံဃာ့အဖွဲ့အစည်းက အလေးထား ဆောင်ရွက်ရန် မရှိပါဘူး။ ရွှေဝါရောင်အမည်ခံ ပုဂ္ဂိုလ်များအနေနဲ့ ဘုရားသားတော် ပီသအောင်၊ သာသနာတော်နဲ့ အပ်စပ်တဲ့ ပုဂ္ဂိုလ်များအဖြစ် ရပ်တည်သင့်ပါတယ်။ ပြည်ဖျက်မိစ္ဆာတွေနဲ့ပေါင်းပြီး သံဃာသင်းခွဲတဲ့ လုပ်ရပ်တွေကို လုပ်နေလို့လည်း အောင်မြင်မှု ရလိမ့်မယ်လို့ မထင်ပါနဲ့။


ဒေါင်းနင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)