လက်ရှိကမ္ဘာ့ စီးပွားရေးနှင့် နိုင်ငံရေးရာ မရေရာမှုများကြောင့် အခက်အခဲများကြုံတွေ့နေရသည့်အချိန်တွင် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ယင်းစိန်ခေါ်မှုအခက်အခဲများကို အခွင့်အလမ်းများအဖြစ် ရင်ဆိုင်ကျော်ဖြတ်နိုင်ရေး စီးပွားကူးသန်း ဒုဝန်ကြီး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ရှိကမ္ဘာ့ စီးပွားရေးနှင့် နိုင်ငံရေးရာ မရေရာမှုများကြောင့် အခက်အခဲများကြုံတွေ့နေရသည့်အချိန်တွင် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ယင်းစိန်ခေါ်မှုအခက်အခဲများကို အခွင့်အလမ်းများအဖြစ် ရင်ဆိုင်ကျော်ဖြတ်နိုင်ရေး စီးပွားကူးသန်း ဒုဝန်ကြီး ဆွေးနွေး


နေပြည်တော်၊ ဩဂုတ် ၁၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းမင်း ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံနယူးဒေလီမြို့၌ သြဂုတ် ၆ ရက်မှ ၈ ရက်အထိ ကျင်းပသည့် ဘင်းမ်စတက် စီးပွားရေးထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါဘင်းမ်စတက်စီးပွားရေးထိပ်သီးဆွေးနွေးပွဲကို ပိုမိုကောင်းမွန်သော ကုန်သွယ်မှုနှင့် စီးပွားရေးအလားအလာများအတွက် မဟာဗျူဟာမြောက် ပေါင်းစည်းနိုင်ရေး ဆွေးနွေးရန်နှင့် စီးပွားရေးအတွက် လွတ်လပ်ပြီး လွယ်ကူချောမွေ့သော ပတ်ဝန်းကျင်ကို ဖန်တီးရန်ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၆ ရက်ညနေ ၆ နာရီတွင် နယူးဒေလီမြို့ရှိ Hotel Taj Palace ၌ ကျင်းပခဲ့ရာ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါဘီတျာမာဂါရစ်တာ (Pabitra Margherita)က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဘင်းမ်စတက် စီးပွားရေးဝန်ကြီးများအဆင့် မျက်နှာစုံညီအစည်းအဝေးကို ဩဂုတ် ၇ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပရာ ဘင်းမ်းစတက် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် များဖြစ်သည့် အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှု၊လက်မှုဝန်ကြီးဌာန ဝန်ကြီး မစ္စတာပိုင်ရတ်ရှ် ဂိုရယ်လ်၊ နီပေါနိုင်ငံ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာ ဒါမိုဒါဘန်ဒါရီ၊ ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာဆူချာ့တ် ချုံကလင်း၊ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် မစ္စတာ အင်ဒရာမာနီ ပန်နေး၊ ဘူတန်နိုင်ငံစက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် အလုပ်အကိုင်ဝန်ကြီးဌာန စက်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာချိုင်းမ်ရှရင်း၊ အိန္ဒိယ နိုင်ငံဆိုင်ရာသီရိလင်္ကာနိုင်ငံ သံအမတ်ကြီး မစ္စစ်ရှန်နူကာ ဆန်နာဝါရ်တနာ (Mrs. Kshenuka Senewiratne)နှင့် အိန္ဒိယစက်မှုလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ မစ္စတာဆန်ဂျီးဗ်ပူရီနှင့် ညွှန်ကြားရေးမှူးချုပ် မစ္စတာချန်ဒွါဂျီဘန်းနားဂျီ တို့နှင့်အတူ ဒုတိယဝန်ကြီး ဦးမင်းမင်းတို့က ဘင်းမ်စတက်ဒေသတွင်း လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်ရေးအတွက် အမှာစကားများပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးက ပြောကြားရာတွင် လက်ရှိကမ္ဘာ့ စီးပွားရေးနှင့် နိုင်ငံရေးရာ မရေရာမှုများကြောင့် အခက်အခဲများကြုံတွေ့နေရသည့်အချိန်တွင် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ယင်းစိန်ခေါ်မှုအခက်အခဲများကို အခွင့်အလမ်းများအဖြစ် ရင်ဆိုင်ကျော်ဖြတ်နိုင်ရေးမှာ အရေးကြီးပါကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ ကာကွယ်ရေးဝါဒ၊ ရာသီဥတုဆိုင်ရာ ကိစ္စရပ်များနှင့် စွမ်းအင်လုံခြုံရေး စသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် ယနေ့ခေတ်ကြီးတွင် ဒေသတွင်းပေါင်းစည်းမှုသည် ရွေးချယ်စရာ မဟုတ်တော့ဘဲ အမျိုးသားမူဝါဒတစ်ခု၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအချိန်သည် ဘင်းမ်စတက်ဒေသတွင်း လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်အကောင် အထည်ဖော်ဆောင်ရေး လိုအပ်နေချိန်ဖြစ်ပြီး ယင်းကိုအပြီးသတ်ဆောင်ရွက်နိုင်ရန်အတွက် အရှိန်မြှင့် လုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘင်းမ်စတက်၏ စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေးကဏ္ဍတွင် ဦးဆောင်နိုင်ငံအနေဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘင်းမ်စတက်ဒေသတွင်း လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်၏ အစောပိုင်းနိုင်ငံတကာ အသွင်ကူးပြောင်းရေး၏ အလားအလာရှိသော ရလဒ်အချို့ဖြစ်သည့် စီးပွားရေးကွဲပြားမှု၊ စီးပွားရေးတိုးတက်မှုနှင့် စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးပြောကြားခဲ့သည်။

ယခုကျင်းပသည့် ဘင်းမ်စတက်စီးပွားရေး ထိပ်သီးဆွေးနွေးပွဲသည် ကဏ္ဍကြီးငါးခုနှင့် နိုင်ငံအလိုက်ဆွေးနွေးပွဲများဖြင့် ကျင်းပခြင်းဖြစ်ပြီး တောင်တန်းနှင့် ပင်လယ်ပြင်ဒေသအခြေပြု စီးပွားရေး တွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုကဏ္ဍ၌ စွမ်းအင်ဝန်ကြီးဌာနရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ဇော်မြင့်က လည်းကောင်း၊ ဘင်းမ်စတက်ဒေသတွင်း ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးကဏ္ဍတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ အလုပ်အမှု ဆောင်အရာရှိ ဒေါ်လှလှရီက လည်းကောင်း၊ အမျိုးသမီးစီးပွားစွမ်းအားမြှင့်တင်ခြင်း အစီအစဉ်တွင် UMFCCI မှ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်တွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ချောမွေ့သောဂေဟစနစ်ကို ဖန်တီးခြင်းကဏ္ဍတွင် UMFCCI မှ ဗဟိုအလုပ်အမှုဆောင်အရာရှိ ဦးထွန်းထွန်းနိုင်က လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေခြင်းကဏ္ဍတွင် UMFCCI မှ ဗဟိုအလုပ်အမှုဆောင်အရာရှိ ဒေါ်နန်းကလျာဝင်းက လည်းကောင်း ဆွေးနွေး ပြောကြားခဲ့ကြသည်။

ယခုအစည်းအဝေးသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် အပါအဝင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ ကုန်သည်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မူဝါဒရေးရာ လေ့လာရေး အဖွဲ့များ၊ သုတေသနအဖွဲ့အစည်းများနှင့် ကဏ္ဍ အလိုက်ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)