ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်သည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်သည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲ တက်ရောက်


နေပြည်တော်၊ ဩဂုတ် ၈

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်သည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) နေပြည်တော်ရှိ အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအဖွဲ့ဝင်များ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (မြန်မာ) မှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ စားသောက်ကုန်လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် တာဝန်ခံဝန်ကြီးဌာနဖြစ်သည့်အတွက် လုပ်ငန်းများကိုထိထိရောက်ရောက်နှင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုသည့်အတွက် အမျိုးသားအဆင့်စွမ်းအင် အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်းရေးမူဝါဒ၊ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များကို ၂၀၁၆ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းထား ကြောင်း၊ မူဝါဒရည်မှန်းချက်အနေဖြင့် ၂၀၁၂ ခုနှစ် စွမ်းအင်သုံးစွဲမှုကို အခြေခံပြီး ၂၀၃၀ ပြည့်နှစ်တွင် ၂၀ ရာခိုင်နှုန်း လျှော့ချနိုင် ရန် ရည်မှန်းထားကြောင်း၊ မဲခေါင် - လန်ချန်း အစီအစဉ်ဖြင့် ဆောင်ရွက်မည့် စီမံကိန်းပါလုပ်ငန်းများသည် စက်မှုကဏ္ဍနှင့်သက်ဆိုင်သည့် လုပ်ငန်းများဖြစ်ကြောင်း၊ စက်မှုကဏ္ဍ၌ စွမ်းအင်သုံးစွဲမှုများသည် စက်ရုံအလုပ်ရုံများတွင် စွမ်းအင်စီမံခန့်ခွဲမှုစနစ် ကျင့်သုံးနိုင်ရန်နှင့် စွမ်းအင်မန်နေဂျာများ မွေးထုတ်ပေးမှုကို တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင်လည်း စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး နည်းပညာများကို အသုံးချရန်နှင့် စွမ်းအင်စွမ်းဆောင်ရည် မြင့်မားသည့် စက်နှင့်စက်ပစ္စည်း ကိရိယာများအသုံးပြု ဆောင်ရွက်သွားရန် စသည့်လုပ်ငန်းစဉ်များ ပါဝင်ကြောင်း၊ ထုတ်လုပ်မှုကဏ္ဍတွင် ထုတ်လုပ်မှုကုန်ကျစရိတ်၏ ၄၀ ရာခိုင်နှုန်းခန့်သည် စွမ်းအင်သုံးစွဲမှုစရိတ်များဖြစ်ကြောင်း၊ စွမ်းအင်အလေအလွင့်မရှိအောင် ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှုတွင် စွမ်းအင်ကုန်ကျစရိတ်ကို လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေးသည် စိုက်ပျိုးရေးကိုအခြေခံသည့်စီးပွားရေးဖြစ်ပြီး စက်မှုဝန်ကြီးဌာန၌ မှတ်ပုံတင်ထားသည့် စက်မှုလုပ်ငန်းစာရင်းအင်းအချက်အလက်များအရ ပြည်တွင်းစက်မှု လုပ်ငန်းအများစုသည် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်ကြောင်း။

ထို့ကြောင့် ယခုစီမံကိန်းတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် စားသောက်ကုန်လုပ်ငန်းများကို ဖြစ်နိုင်ခြေရှိသည့် ဦးစားပေးလုပ်ငန်းများအဖြစ် ရွေးချယ်ထည့်သွင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲသည် ရန်ကုန်မြို့တွင်ရှိသည့် စားသောက်ကုန်လုပ်ငန်းအများစုအတွက်ရည်ရွယ်ပြီး စွမ်းအင် အကျိုးရှိစွာသုံးစွဲရေး နည်းပညာများ မျှဝေသွားမည်ဖြစ်ကြောင်း၊ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးဆိုင်ရာ နည်းပညာများနှင့် စားသောက်ကုန်လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို သက်ဆိုင်ရာပညာရှင်များက ဆွေးနွေးပြောကြားပေးမည်ဖြစ်ကြောင်း၊ ယနေ့အသိပညာ မျှဝေခြင်းဆွေးနွေးပွဲသည် အကျိုးရှိအောင်မြင်သော အစီအစဉ်တစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှု၊ ညွှန်ကြားရေးမှူးက အစားအသောက်ထုတ်လုပ်မှုကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ အမျိုးသားအဆင့် အတိုင်ပင်ခံကိုယ်စားလှယ်က အစားအသောက်ထုတ်လုပ်မှုကဏ္ဍ၌ နိုင်ငံတကာတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲမှုနှင့်ပတ်သက်၍ ကောင်းမွန်သည့်အလေ့အကျင့်များ၊ မြန်မာနိုင်ငံအစားအသောက် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းကိုယ်စားလှယ်က အစားအသောက်ထုတ်လုပ်မှုကဏ္ဍတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှု၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကိုယ်စားလှယ်က အစားအသောက်ထုတ်လုပ်မှုကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုရန်လမ်းညွှန်ချက်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ကိုယ်စားလှယ်က စွမ်းအင်အကျိုးရှိထိရောက်စွာဆောင်ရွက်နိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်း၊ စွမ်းအင်အကျိုးရှိထိရောက်ရန် ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းများချမှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)