ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ထိခိုက်လမ်းပိုင်းများနှင့်စိုက်ပျိုးမြေများအား အချိန်မီပြန်လည်ပြင်ဆင်ထွန်ယက်စိုက်ပျိုးနိုင်ရေးကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ထိခိုက်လမ်းပိုင်းများနှင့်စိုက်ပျိုးမြေများအား အချိန်မီပြန်လည်ပြင်ဆင်ထွန်ယက်စိုက်ပျိုးနိုင်ရေးကြည့်ရှုစစ်ဆေး





ဘားအံ၊ ဩဂုတ် ၈

ကရင်ပြည်နယ်အတွင်း ဇူလိုင်လစတုတ္ထပတ်ခန့်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး မြစ်ရေချောင်းရေများ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိကာ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ပြည်နယ်၏ ဆက်သွယ်ရေးလမ်းပိုင်းများ အနိမ့်ပိုင်းနေရာများနှင့် စိုက်ပျိုးပြီးမြေဧရိယာများ ရေဖုံးလွှမ်းမှုဖြစ်စဉ်များဖြစ်ပွားခဲ့သည့်အတွက် ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထိခိုက်လမ်းပိုင်းများအမြန်ဆုံး ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ မိုးစပါးနှင့်မိုးသီးနှံများ အချိန်မီ ပြန်လည်ကုစားထွန်ယက်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၏အဓိကဆက်သွယ်ရေးလမ်းပိုင်းတွင် တစ်ခုအပါအဝင်ဖြစ်သော ကော့ကျိုက်-ကော့ပရံ-ဇာသပြင်(အဖြောင့်)ကားလမ်းမကြီး နေရာ(၈)နေရာ၌ ရေကျော်နေမှုအခြေအနေနှင့် ရေကျော်သည့်လမ်းပိုင်း ထိခိုက်ပျက်စီးမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်ညိုနှင့်တာဝန်ရှိသူများက အဆိုပါလမ်းပိုင်းအတွင်း အချို့နေရာများတွင် ရေအနက်တစ်ပေခွဲမှ သုံးပေအထိ ကျော်လွန်မြင့်တက်ခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေကျော်ခဲ့သော ကွန်ကရစ်လမ်းပိုင်းများအား လမ်းတာဘောင်မြင့်တင်ကွန်ကရစ်ခင်းရန်နှင့် အခြားရေကျော်နေရာများအား လမ်းတာမြှင့်တင်နိုင်ရန် သက်ဆိုင်ရာ AK(BOT)ကုမ္ပဏီအား နှစ်အလိုက်စီမံချက်များရေးဆွဲတင်ပြရန် မှာကြားသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကျိုက်-ကော့ပရံ-ဇာသပြင်(အဖြောင့်) ကားလမ်းမကြီး လမ်းဘေးဝဲယာရှိ စိုက်ပျိုးပြီးမိုးစပါးနှင့်မိုးသီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုနှင့် ထိခိုက်ပျက်စီး မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းမြင့်နှင့် တာဝန်ရှိသူများက စိုက်ပျိုးပြီး မိုးသီးနှံများ ရေကြီးနစ်မြုပ်မှုအခြေအနေနှင့် ထိခိုက်သီးနှံများအား ပြန်လည်ကုစားပေးနိုင်ရေး၊ ပျက်စီးသီးနှံများအား အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအား မျိုးစပါး၊ သွင်းအားစုများထောက်ပံ့ပေးနိုင်ရေးနှင့် လိုအပ်သည့်လယ်ယာသုံးစက်ကိရိယာများ ကူညီဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးရန် မှာကြားသည်။

ပြည်နယ်အတွင်းရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ကျေးရွာအုပ်စုပေါင်း ၁၇၀ တွင် စိုက်ပျိုးပြီးမိုးစပါး ၃၂၃၅၄ ဧက ရေနစ်မြုပ်ခဲ့ပြီး ဩဂုတ်လ ၇ ရက်နေ့ထိ ၁၄၁၁၉ ဧက ပြန်ပေါ်ခဲ့သည့်အနက် ၄၉၀၄ ဧကထိခိုက်ပြီး ၂၃၁ ဧက ပျက်စီးခဲ့ရာ ထိခိုက်ဧကများအားပြန်လည်ကုစားပေးနိုင်ရေးနှင့် ပျက်စီးဧကများအား အမြန်ဆုံးပြန်လည်ထွန်ယက် စိုက်ပျိုးနိုင်ရေးအတွက် ဓာတ်မြေဩဇာများ၊ ဆေးဖြန်းပုံး များနှင့် မျိုးစပါး ၂၀၂၀ တင်းတို့ကို ဝယ်ယူစုဆောင်းထားပြီးဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


စောမျိုးမင်းသိန်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)