အမျိုး ဘာသာ သာသနာအတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုး ဘာသာ သာသနာအတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏









ဒီရက်ပိုင်းအတွင်းမှာ မြင်းခြံ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် မသီတာယုမွန် ရဲ့ သတင်းက ထိပ်တန်းသတင်း ဖြစ်လာခဲ့ပါတယ်။ အကြောင်းကတော့ မသီတာယုမွန်နဲ့ ပတ်သက်လို့ ပြည်ဖျက်မီဒီယာတစ်ခုဖြစ်တဲ့ ဧရာဝတီသတင်းဌာန က ပေါက်ကိုယ်တော်ကို ဆက်သွယ်မေးမြန်းလာတဲ့အချိန်မှာ ပေါက်ကိုယ်တော် က ပြည်ဖျက်မီဒီယာ က ဆက်သွယ်မေးမြန်းသူကို ဆုံးမပေးလိုက်ရာကနေ စပါတယ်။

မသီတာယုမွန် ကို ပြည်ဖျက်မီဒီယာတွေက လှော်ကြတော့မယ်။ အပုပ်ချ စော်ကားကြတော့မယ်ဆိုတာကို သိလို့ မသီတာယုမွန်ရဲ့ ရပ်တည်ချက်၊ ဆောင်ရွက်ချက်ကို စာရေးသူနဲ့ သိကျွမ်းခဲ့ဖူးသလောက် အခြေအနေလေးကို ရုပ်သံသတင်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ People Media က ကိုကျော်စိုးဦးကလည်း မသီတာယုမွန် နဲ့ ဆက်သွယ်မေးမြန်းပြီး အများပြည်သူ သိရှိနားလည်အောင် ဖော်ပြပေးခဲ့ပါတယ်။ 

မသီတာယုမွန် ဟာ နိုင်ငံရေးမှာလည်း ပါဝင်ဆောင်ရွက်သလို သူ့အရပ်၊ သူ့ဒေသမှာ ပရဟိတနဲ့ ဘာသာရေးကို အလေးထား လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ အားလုံး သိကြတဲ့အတိုင်းပဲ NLD အစိုးရလက်ထက်မှာ မဘသ ကို ရန်ရှာခဲ့သလို ၉၆၉ လှုပ်ရှားမှုကိုလည်း မလိုလားပါဘူး။ မြင်းခြံမြို့မှာ အမျိုး ဘာသာ သာသနာအရေး လုပ်နေတဲ့ သူတွေက မိမိတို့အိမ်မှာ၊ ဆိုင်မှာ မဘသ လိုဂို၊ ၉၆၉ စတေကာကပ်တာကအစ NLD တွေက လိုက်ပြီး ရန်ရှာကြတာ ဖြစ်ပါတယ်။ မြင်းခြံမြို့ပေါ်မှာတော့ စတိုးဆိုင်မှာ ကပ်ထားတဲ့ ၉၆၉ စတေကာကို NLD လွှတ်တော်အမတ်တွေ က ဖြုတ်ခိုင်းတာမျိုး လုပ်တဲ့အတွက် အမှုဖွင့် တရားစွဲဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုသည်မှာလည်း အာဏာရအဖွဲ့အစည်းရဲ့ မျက်နှာကိုသာ ကြည့်တာမျိုး ဖြစ်လေတော့ အမှုဖွင့်ထားပေမယ့်လည်း အရေးယူဆောင်ရွက်ပေးခြင်း မရှိခဲ့ပါဘူး။

ဆရာတော် ဦးပါမောက္ခနဲ့အတူ စစ်ကိုင်းကို စာရေးသူတို့ ရောက်ခဲ့ပါတယ်။ စစ်ကိုင်းမှာ ဘာသာရေးဆိုင်ရာ ပြဿနာဖြစ်ပေါ်ခဲ့တဲ့အပေါ် သံဃာတော်များနဲ့ အမျိုးသားရေးလှုပ်ရှားသူများ သွားရောက်ပူးပေါင်း ဆောင်ရွက်ချိန်မှာ မြင်းခြံက မသီတာယုမွန်တို့ ရောက်ရှိလာပြီး မြင်းခြံမှာ ဖြစ်နေတဲ့ အခြေအနေကို ဆရာတော်ဦးပါမောက္ခထံ တင်ပြလျှောက်ထားတဲ့အတွက် ဆရာတော်ကိုယ်တိုင် လိုက်ပါပြီ အမှုဖွင့်ထားတာနဲ့ ပတ်သက်လို့ မြင်းခြံမြို့နယ်ရဲတပ်ဖွဲ့၊ တရားရုံးတို့ကို ကိုယ်တိုင် သွားရောက်မေးမြန်းပြီး အမှုကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ပေးဖို့ အရေးဆိုခဲ့ရပါတယ်။ အဲဒီအချိန်ကတည်းက မြင်းခြံမြို့ပေါ်က အမျိုးသားရေးအဖွဲ့ဟာ တက်ကြွ ရဲရင့်တဲ့သူတွေ ရှိတာကို သိထားခဲ့ပါတယ်။ သို့ပေသော်လည်း အကြောင်းမတိုက်ဆိုင်တဲ့အတွက် နောက်ပိုင်း အခြေအနေ ဘာတွေ ဖြစ်လဲတော့ မသိပါဘူး။

မသီတာယုမွန် ရဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောဆိုသွားတာကို ထောက်ရှုကြည့်ရင် ၂၀၂၀ ရွေးကောက်ပွဲ မြင်းခြံမြို့မှာ မဲလိမ်မဲခိုးမှုတွေ ဖြစ်ခဲ့တာကို ဦးဆောင်ဆန့်ကျင်ကန့်ကွက်တဲ့အထဲမှာ သူမကိုယ်တိုင် ပါဝင်ခဲ့တယ်။ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး NLD ထောက်ခံသူတွေက ဆူပူဆန္ဒပြမှုတွေ လုပ်လာတဲ့အချိန်မှာ သူမရဲ့ အိမ်ရှေ့မှာ လာရောက်စုဝေး ဆန္ဒပြတာတွေ လုပ်ခဲ့ကြတယ်။ နီပိန်းတွေ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ပေါ် ရောက်လာပြီး ပထမဆုံး ပစ်မှတ်ဟာ မသီတာယုမွန် ပါပဲ။ ၂၀၂၁ ခုနှစ်၊ မေလ လောက်မှာပဲ သူမ ကို လာရောက်လုပ်ကြံသတ်ဖြတ်တာမျိုးကို ကြုံခဲ့ရပါတယ်။ ဒီလို အခြေအနေမျိုး တွေ့ကြုံလာရချိန်မှာ အမျိုးသမီးတစ်ယောက်အနေနဲ့ သမရိုးကျ စဉ်းစားမယ်ဆိုရင်တော့ နေရပ်ကို စွန့်ခွါပြီး ဘေးလွတ်ရာ ပြောင်းရွှေ့နေဖို့မှတပါး အခြားမရှိပါဘူး။ 

အခြားသော မြို့နယ်များမှာ ကြည့်မယ်ဆိုရင်လည်း အကြမ်းဖက်သမားများရဲ့ ပစ်မှတ်ဖြစ်နေသူတွေဟာ အကြမ်းဖက်သမား လက်ချက်နဲ့ သေရင် သေ၊ မသေချင်ရင် ရှောင်ပြေးရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ တချို့ကတော့ နီပိန်းတွေကို ကိုယ့်ရွာသူရွာသားအချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်တာမျိုးတော့ လုပ်လိမ့်မယ်မထင်ဘူးလို့ နေရင်းက KIA ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားတွေရဲ့ အဆိုးရွားဆုံးသော ရက်စက်ယုတ်မာမှု ဘေးကို ခံခဲ့ရပြီး မိတကွဲ၊ ဖတကွဲ၊ သားတကွဲ၊ မယားတကွဲ အခြေအနေဆိုးတွေ ရင်ဆိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေမျိုးမှာ မသီတာယုမွန် က သွေးကြောင်ပြီး ဘေးရှောင်တာမျိုးကိုလည်း မလုပ်ဘူး။ အကြမ်းဖက်သမားများထံမှာ အညံ့မခံဘူး။ အကြမ်းဖက်ဘေးအန္တရာယ်ကို ကိုယ်တိုင် ဦးဆောင်ကာကွယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ပြတ်သားစွာ ဆုံးဖြတ်ပြီး ယနေ့အထိ ရဲဝံ့ပြတ်သားစွာ ရပ်တည်ဆောင်ရွက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တိုင်းပြည်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ တွက်ဆပြီး မသီတာယုမွန်ရဲ့ ဆုံးဖြတ်ချက်ကို မှန်ကန်တယ်လို့ ပြောရမှာ ဖြစ်သလို လေးစားအတုယူဖွယ်ရာလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးထဲက တချို့မြို့နယ်တွေမှာ တိမ်းရှောင်ကြသူတွေ ရှိပါတယ်။ သို့သော် နီပိန်း အကြမ်းဖက်သမားတွေရဲ့ ရန်ပြုစော်ကားမှုဘေးကနေ လွတ်မြောက်ခဲ့သလားဆိုတော့ မလွတ်မြောက်ခဲ့ပါဘူး။ ဥပမာအားဖြင့် အရာတော်နယ်ဘက်က တချို့ မုံရွာကို ပြောင်းရွှေ့ကြတယ်။ မုံရွာအထိ နီပိန်း အကြမ်းဖက်သမားတွေက စုံစမ်းပြီး လိုက်သတ်တာမျိုးကို ခံခဲ့ရသူတွေ ရှိပါတယ်။ နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာတွေရဲ့ အကြမ်းဖက်ဘေးက ပြေးတိုင်းလည်း မလွတ်ပါဘူး။ ပြန်နှိမ်နင်းမှ ငြိမ်းမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ တပ်မတော်သားများအပါအဝင် နိုင်ငံဝန်ထမ်းများမှာ အစိုးရအဆက်ဆက် သစ္စာအဓိဋ္ဌာန် ဆိုခဲ့ရတာတွေ ရှိတယ်။ ယနေ့ နိုင်ငံဝန်ထမ်းများရဲ့ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်မှာ -

(က) ကျွန်ုပ်တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏သစ္စာကို စောင့်သိ ရိုသေပါမည်။

(ခ  ကျွန်ုပ်တို့သည် ပြည်ထောင်စုမပြိုကွဲ ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ပါမည်။

(ဂ) ကျွန်ုပ်တို့သည် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးကို ဦးတည် ကြိုးပမ်းဆောင်ရွက်ပါမည်။

(ဃ) ကျွန်ုပ်တို့သည် အမိနိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ပါမည်။

(င) ကျွန်ုပ်တို့သည် နိုင်ငံ့ဝန်ထမ်းများ ပီသစွာဖြင့် နိုင်ငံရေးပါတီများနှင့် ကင်းရှင်းအောင် နေထိုင်ပါမည်။

(စ) ကျွန်ုပ်တို့သည် နိုင်ငံတော်က ပေးအပ်သော အမိန့်နှင့် တာဝန်များကို ဦးလည်မသုန် သက်စွန့်ကြိုးပမ်းထမ်းရွက် သွားပါမည်ဟု သစ္စာဓိဋ္ဌာန်ပြု ပါသည်။

နိုင်ငံဝန်ထမ်းများထဲမှာ မိမိတို့ သစ္စာအဓိဋ္ဌာန် ပြုထားသည့်အတိုင်း ရပ်တည်ဆောင်ရွက်နေသူတွေလည်း ရှိနိုင်ပါတယ်။ သစ္စာမရှိတဲ့ အကျင့်ပျက်ဝန်ထမ်းတွေကတော့ CDM လုပ်ပြီး အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ပါသွားခဲ့ကြပါတယ်။ အဲဒီလို လူတွေဟာ သစ္စာစူးပြီး ရူးဖို့ပဲ ရှိပါတယ်။

ယနေ့ နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီများဟာ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ်မတော်သားမိသားစုဝင်များကိုသာ ပစ်မှတ်ထား သတ်ဖြတ်ခြင်းမျိုး မဟုတ်ပါဘူး။ သူတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့ သံဃာတော်တွေကိုလည်း အလွတ်မပေးပါဘူး။ ဆရာ/ဆရာမတွေကိုလည်း သတ်တာပဲ ဖြစ်ပါတယ်။ အမျိုးသားရေးလှုပ်ရှားသူတွေဆိုရင်လည်း သူတို့ရဲ့ ပစ်မှတ်ပဲ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ ပြည်သူများမှာတော့ နိုင်ငံဝန်ထမ်းများလို သစ္စာအဓိဋ္ဌာန် ပြုစရာ အချက်တွေ မများလှပါဘူး။ တစ်ချက်တည်းပါပဲ။ (အမျိုး ဘာသာ သာသနာအတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏) ဆိုတဲ့ တစ်ချက်တည်းနဲ့ကိုပဲ နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီတွေရဲ့ ရက်စက်ယုတ်မာမှုတွေကို တားဆီးနှိမ်နင်းဖို့ လုံလောက်ပါတယ်။ နီပိန်း ပဒက်တွေဟာ တိုင်းပြည်ရဲ့ ရန်စွယ်၊ ဘာသာ သာသနာကို ရန်ပြုစော်ကားနေသူတွေ ဖြစ်တဲ့အတွက် နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီတွေ ရှိနေသ၍ သံဃာတော်များလည်း ကောင်းမွန်စွာ သာသနာမပြုနိုင်ပါဘူး။ ဗုဒ္ဓဘာသာဝင်များမှာလည်း နည်းမျိုးစုံနဲ့ ထိပါးစော်ကားခံနေရမှာ ဖြစ်ပါတယ်။

မသီတာယုမွန် ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာ (အမျိုး ဘာသာ သာသနာအတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏) ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီများ ပပျောက်ရေးကို လုပ်ဆောင်နေတယ်လို့ အကြွင်းမဲ့ ယုံကြည်မိပါတယ်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)