အကြိမ်(၃၀)မြောက် ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ဆုနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြိမ်(၃၀)မြောက် ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ဆုနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ





ရန်ကုန်၊ ဩဂုတ် ၂၅

အကြိမ်(၃၀)မြောက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ဆုနှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက ပခုက္ကူစာပေဆုရန်ပုံငွေသို့ ငွေကျပ်သိန်း ၁၀၀ ၊ မြန်မာနိုင်ငံစာကြည့်တိုက်များနှင့် တပ်မတော် တပ်ရင်းတပ်ဖွဲ့များ လက်အောက်ရှိ စာကြည့်တိုက်များသို့ လူထုသိပ္ပံကျမ်းစာအုပ် စုစုပေါင်း ၃၀၀၀ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံစာရေးဆရာအသင်း နာယကများ၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက်ကော်မတီဝင်များ၊ စာရေးဆရာ၊ ဆရာမကြီး များ၊ စာပေဆုရပုဂ္ဂိုလ်များ၊ ပညာ ရည်ချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ “စာပေကဏ္ဍအတွက် တန်ဖိုးဖြတ်မရနိုင်သော ပခုက္ကူစာပေဆု Video Clip နှင့် ပါရီအိုလံပစ်ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား” Video Clip တို့ကို ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် မိမိတို့၏ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အဓိကထား အထောက်အကူပြုနေသည့် ပခုက္ကူစာပေဆု ဆုနှင်းသဘင်အခမ်းအနား ဖြစ်ပါကြောင်း၊ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေး မှာ မြန်မာစာပေပညာရှင်တို့၏ ဝိုင်းဝန်းကြိုးပမ်းမှုများ ပါဝင်သကဲ့သို့ စာပေပညာရှင်များကို ချီးမြှင့်သည့် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကစာပေဆု တည်ထောင်သူများ၏ အားစိုက်ထုတ်မှုများကလည်း အဓိကကျပါကြောင်း၊ ပခုက္ကူဦးအုံးဖေ စာပေဆုသည် ၁၉၉၄ ခုနှစ်တွင် စတင်ခဲ့သည် ဖြစ်သည့်အတွက် သက်တမ်းရှည် ပုဂ္ဂလိကစာပေဆုတစ်ခု ဖြစ်ပါကြောင်း။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော် ၁၉၉၂ ခုနှစ်တွင် ပခုက္ကူမြို့မှ သိန်းတစ်ရာဆေးပေါင်းရုံပိုင်ရှင် ဦးအုံးဖေက စာပေရန်ပုံငွေတစ်ရပ် တည်ထောင်ရန်အတွက် ငွေကျပ် ၇၆ သိန်းနှင့် ၁၂၇၉ ကျပ်တို့ကို မတည်၍ နိုင်ငံတော်သို့ လှူဒါန်းခဲ့ပါကြောင်း၊ ၁၉၉၄ ခုနှစ်မှ စတင် ပြီး ဦးအုံးဖေ၏ စာပေအလှူဒါနမတည်ငွေနှင့် ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုနှင့် စာပေဆု ဘာသာရပ်လေးမျိုးကို စတင်ချီးမြှင့်ခဲ့ပါကြောင်း၊ ယခုအခါတွင် တစ်သက်တာစာပေဆုနှင့် ဘာသာရပ်ငါးမျိုးကို ဆုချီးမြှင့်လျက်ရှိပါကြောင်း။

၎င်းမကွယ်လွန်မီက ပခုက္ကူဦးအုံးဖေ စာပေဆုပေးပွဲအခမ်း အနားတစ်ခုတွင် “စာပေဟာ ကျွန်တော့်ကို မြေတောင်မြှောက်၊ ရေလောင်းပေါင်းသင်ပေးတဲ့ ကျေးဇူးရှင်ပါ။ ဒါကြောင့် ကိုယ်ပိုင်ငွေတွေကို ကိုယ်ကျိုးအတွက် အသုံးမပြုဘဲ စာပေကို ကျေးဇူးဆပ်တဲ့အနေနဲ့ စာပေဆု၊ ပညာရည်ချွန်ဆုများအတွက် လှူဒါန်းပေးပြီး စာကြည့်တိုက်များ တည်ဆောက်လှူဒါန်းခြင်း ဖြစ်ပါတယ်။ လမ်းမှား၊ အမြင်မှားရောက်နေတဲ့ လူတွေကိုလည်း စာဖတ်ခြင်းအားဖြင့် အမြင်မှန်ရကာ ကျွန်တော့်လို မကောင်းတဲ့ဘဝက ကောင်းတဲ့ဘဝကို ပြောင်းလဲစေချင်လို့ပါ” ဆိုပြီး ပြောကြားခဲ့သည်ကိုလည်း မှတ်သားခဲ့ဖူးပါကြောင်း။

ယနေ့ ဆုချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆုအပါအဝင် ဝတ္ထုရှည်ဆု၊ ဝတ္ထုတိုပေါင်းချုပ်ဆု၊ ကဗျာပေါင်းချုပ်ဆု၊ ကျမ်းစာပေဆုနှင့် သုတေသနစာပေဆု စုစုပေါင်း ၁၆ ဆုကို ချီးမြှင့်နိုင်ခဲ့သည့်အတွက် ဆုရရှိသူ စာရေးဆရာ ဆရာမကြီးများအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဘာသာရပ်တိုင်းတွင် ဆုရရှိသော စာမူလက်ရာများသည် နိုင်ငံနှင့် ပြည်သူအတွက် ရသ၊ သုတ ဖြည့်ဆည်းပေးမည့် ဘဝလမ်းညွှန်စာမူကောင်းများဖြစ်ကြပါကြောင်း၊ ဆုရရှိသူ ဆရာ၊ ဆရာမကြီးများအားလုံး မိမိတို့၏ ကလောင်အစွမ်းဖြင့် နိုင်ငံတိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆတက်ထမ်းပိုးဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုအပ်ပါကြောင်း၊ ထိုနည်းတူ ပညာရည်ချွန်ဆု ရရှိကြသော သားငယ်၊ သမီးငယ်လေးများကို လည်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကို အားပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ/တပ်ရင်း တပ်ဖွဲ့စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များကိုလည်း မကြာခဏလှူဒါန်းပေးလျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားတွင်လည်း လူထုသိပ္ပံကျမ်း အတွဲ(၆) နှင့် အတွဲ (၇) တစ်မျိုးလျှင် အုပ် ၁၅၀၀ စီဖြင့် စုစုပေါင်း အုပ် ၃၀၀၀ ကို ထပ်မံလှူဒါန်းပါကြောင်း၊ စာကြည့်တိုက်များ၏ အခန်းကဏ္ဍအရေးကြီးပုံနှင့် စာကြည့်တိုက် ယဉ်ကျေးမှုထွန်းကားရေးကို လုပ်ဆောင်ကြရန် လိုအပ်ပုံကို တိုက်တွန်းလေ့ရှိသကဲ့သို့ စာတတ်သူတိုင်းစာဖတ်ကြရေး၊ စာတတ်ရုံ၊ အတတ်ပညာ ပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝသည့်၊ ဗလငါးတန်ပြည့်ဝသောလူငယ်များ ပေါ်ထွက်လာစေရေးအတွက် တာဝန်ရှိသူများအပြင် မိဘ၊ ဆရာ ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးပုံကို အလေးထားမှာကြားလေ့ရှိပါကြောင်း၊ ထို့အပြင် ကျောင်းစာကြည့်တိုက်နှင့် ရပ်ကွက်စာကြည့်တိုက်များ တိုးပွားရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်နှင့် စာပေ၏ အရေးကြီးသော အခန်းကဏ္ဍကို အလေးထားရန် မိမိတို့ကို မှာကြားလေ့ရှိပါကြောင်း။

စာပေ၏ အစွမ်းသတ္တိသည် အမှောင်ခွင်းပြီး အလင်းဆောင်နိုင်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက ပခုက္ကူ ဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု ရန်ပုံငွေသို့ ငွေကျပ်သိန်း ၁၀၀ ကို ထည့်ဝင်လှူဒါန်းပါကြောင်း၊ ယနေ့ အခမ်းအနားသို့ တက်ရောက်လာကြသော စာပေပညာရှင်ကြီးများကလည်း စာပေဗိမာန်က ဆောင်ရွက်လျက်ရှိသည့် စာပေဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ကူညီအားဖြည့်ပေးကြပါဟု မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု ရန်ပုံငွေသို့ လှူဒါန်းငွေကျပ် သိန်း ၁၀၀ ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ပခုက္ကူစာပေဆု ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)ကလည်းကောင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များသို့ လှူဒါန်းသည့် လူထုသိပ္ပံကျမ်းအတွဲ (၆) နှင့် (၇) တစ်မျိုးလျှင် အုပ် ၁၀၀၀ စီ စုစုပေါင်း အုပ် ၂၀၀၀ ကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေ (မောင်ဆွေသက်) ကလည်းကောင်း၊ တပ်မတော်တပ်ရင်းတပ်ဖွဲ့များ လက်အောက်ရှိ စာကြည့်တိုက်များသို့ လူထုသိပ္ပံကျမ်းအတွဲ(၆)နှင့် (၇)တစ်မျိုးလျှင် အုပ် ၅၀၀ စီ စုစုပေါင်းအုပ် ၁၀၀၀ ကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ထွန်းထွန်းဦးကလည်းကောင်း လက်ခံရယူကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုရန်ပုံငွေသို့ ငွေကျပ် ၇၅ သိန်းကို ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ် ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က လက်ခံရယူပြီး စာပေဆုရွေးချယ်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပခုက္ကူစာပေ တစ်သက်တာဆုများကို ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပေးအပ်ရာ ဆရာကြီး ဦးခင်အောင် (ရွှေဘိုဘာမထီ ခင်အောင်) ကိုယ်စား သမီးဖြစ်သူဒေါ်သရဖီစိမ်းအောင်နှင့် ဆရာကြီး ဦးတင့်လွင် (တက်လူ)ကိုယ်စား သားဖြစ်သူ ဦးစည်သူလွင်တို့က လက်ခံရယူကြသည်။

ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အမြဲတမ်းအတွင်း ဝန် ဦးဝင်းကျော်အောင်၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)နှင့် ဦးညွန့်တင် (မောင်ငြိမ်းသူ ကြို့ပင်ကောက်)တို့က ပခုက္ကူစာပေဆု ဝတ္ထုရှည် ဒုတိယဆုရ မေတ္တာထွေး နွေးပါသည် ဝတ္ထုရေးသားသူ ဆရာညိမ်းညို၊ ဝတ္ထုရှည် တတိယဆုရ စိတ်ဝတ္ထုရေးသားသူ ဆရာနေစိုးသော်၊ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ မုသားချိုချိုနှင့် အခြားဝတ္ထုတိုများကို ရေးသားသူ ဆရာအမေ့သား (နတ်မောက်)၊ ဝတ္ထုတို ပေါင်းချုပ် ဒုတိယဆုရ အတိုဆုံးဝတ္ထု၊ အရှည်ဆုံးပြဇာတ်နှင့် အခြားဝတ္ထုတိုများကို ရေးသားသူ ဆရာကိုနီသွေး(မန်းမြို့)၊ ဝတ္ထုတို ပေါင်းချုပ် တတိယဆုရ မွေးရပ်မြေနှင့် သူငယ်ချင်းနှင့် သုတရသဝတ္ထုပေါင်းချုပ်ကို ရေးသားသူ ဆရာထွန်းလှိုင်(မြိုင်)၊ ကျမ်းစာပေပထမဆုရ ကုန်းဘောင်ခေတ် စာဆိုလက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေကိုရေးသားသူ ဆရာကိုတိုး (ရန်ကင်း)၊ ကျမ်းစာပေ ဒုတိယဆုရ ရတနာပုံအိမ်ရှေ့စံကို ရေးသားသူ ဆရာဦးဝင်းမြင့်မောင် (လင်းအရုဏ်ဦး)၊ ကျမ်းစာပေ တတိယဆုရ ရုပ်ရှင်နှင့် နိုင်ငံရေး၊ အမျိုးသားရေးအခန်းကဏ္ဍကို ရေးသားသူဆရာသက်ဦးမောင်၊ သုတေသနစာပေ ပထမဆုရ သရေခေတ္တရာပျူတို့၏ ရွှေထည်၊ ငွေထည်ယဉ်ကျေးမှုအနုလက်ရာများကို ရေးသားသူ ဆရာမာန်သစ်ငြိမ်း (ရှေးဟောင်းသုတေသန)၊ ကဗျာပေါင်းချုပ် ပထမဆုရ ရောင်နီသန်းချိန် ပန်းပွင့်ချိန်ကို ရေးသားသူ ဆရာကောင်းနွဲ့၊ ကဗျာပေါင်းချုပ် ဒုတိယဆုရ မွှေးမြဂုဏ်ရည် စာပန်းသီကဗျာများကို ရေးသားသူ ဆရာရွှေမင်း သား(စစ်ကိုင်း)၊ ကဗျာပေါင်းချုပ် တတိယဆုရ ဘဝတေးသံကဗျာများ ရေးသားသူ ဆရာတော် ကနောင်နိုင်နွယ်ဦး၊ သုတေသန စာပေဒုတိယဆုရ ဆိုကရေးတီးရိုးရာခရီးကို ရေးသားသူ ဆရာကိုဇော်ဌေး (ယဉ်ကျေးမှု) နှင့် သုတေသနစာပေ တတိယဆုရ လပြည့်နေ့ဖွား မြန်မာလူကျော်များကို ရေးသားသူ ဆရာလက်ယာ (မေတ္တာတံခွန်) တို့က ဆုများလက်ခံရယူကြသည်။

ထို့နောက် အကြိမ် (၃၀) မြောက် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆု ရရှိသူများနှင့် ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုရရှိသူများကို ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)ဦးသိန်းခိုင်ဦးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေးတို့က ဆုများပေးအပ်ချီးမြှင့်ရာ ကျွန်တော်သိသော ကျွန်တော့်ရွာ စာအုပ်ရေးသားသူ ဆရာခင်မောင် ဝင်း(အညာမြေ)၊ သရဒွေးလင်္ကာ အဖွင့်ကျမ်းစာအုပ်ရေးသားသူ ဆရာသဲ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပညာသင်ဆုရရှိသူ မသန့်ဖြူဖြူထွန်း (ဒုတိယနှစ်၊ ပန်းချီပညာဌာန)နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပညာသင်ဆုရရှိသူ မောင်မင်းသုဟန်ကျော် (ဒုတိယ နှစ်၊ ပန်းချီပညာဌာန) တို့က ဆုများ လက်ခံရယူကြသည်။

ယင်းနောက် စာပေအလှူရှင် ပခုက္ကူဦးအုံးဖေကိုယ်စား ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ(၁)ဦးသိန်းခိုင်ဦးက ရှင်းလင်းပြောကြားပြီး ဆုရရှိသူများကိုယ်စား ပခုက္ကူစာပေဆု သုတေသနစာပေ ပထမဆုရ ဆရာမာန်သစ်ငြိမ်းက ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများသည် ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားတွင် ပြသထားသည့် ဆုရရှိ သူများ၏ ဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)