သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်လှစ်


နေပြည်တော်၊ ဩဂုတ် ၃

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ၁-၈-၂၀၂၄ ရက်နေ့က နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်းသင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မိမိတို့နိုင်ငံတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ပြည်လုံးကျွတ်အဆင့် ကောက်ယူမည်ဖြစ်ရာ သန်းခေါင်စာရင်းကောက်ယူရန် ရက်အားဖြင့် ၆၁ ရက်သာလိုတော့ကြောင်း၊ သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လွန်ခဲ့သည့် သုံးနှစ်မှစတင်၍ စီမံချက်ရေးဆွဲကာ အချိန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူရန် စီမံဆောင်ရွက်သည့်လုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီ ဖြစ်ကြောင်း၊ ထို့ပြင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် စာရင်းစစ်၊ စာရင်းကောက်များ ခန့်ထားခြင်း၊ သန်းခေါင်စာရင်း သင်တန်းအဆင့်ဆင့် အချိန်ကိုက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ခြင်းတို့အပြင် ပြည်သူလူထုပူးပေါင်း ပါဝင်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။

ယခု သင်တန်းသားများသည် တိုင်းဒေသကြီး/ ပြည်နယ်များတွင် နည်းပြတာဝန်ထမ်းဆောင်ကြ ရမည်ဖြစ်သည့်အတွက် ယခု သင်တန်းမှ လေ့ကျင့်သင်ကြားပေးမှုအပေါ် သေသေချာချာလေ့လာ မှတ်သားပြီး နည်းပြအဖြစ် ပြန်လည်သင်ကြားပို့ချသည့်အခါ မခြွင်းမချန် ထိထိရောက်ရောက် ပြန်လည်အသုံးချ လေ့ကျင့်သင်ကြားပေးကြရန် လိုအပ်ကြောင်း၊ ယခု ဗဟိုအဆင့်နည်းပြ သင်တန်းကို သင်တန်းကာလ ၁၀ ရက်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးသည်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် နည်းပြသင်တန်း၊ ခရိုင်အဆင့် နည်းပြသင်တန်းနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို သတ်မှတ်အချိန်အတိုင်း အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်သန်းခေါင် စာရင်းကော်မတီ အဆင့်ဆင့်က ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ရှင်းလင်းပြော ကြားသည်။

ထို့နောက် သင်တန်းသားများက နယ်မြေဒေသအခြေအနေများကို တစ်ဦးချင်းရှင်းလင်းတင်ပြကြ သည်။

ယခုဖွင့်လှစ်သည့် သန်းခေါင်စာရင်းဆိုင်ရာ ဗဟိုအဆင့်နည်းပြသင်တန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင် ဦးစီးဌာနမှူးရုံးများနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များအပါအဝင် အရာထမ်း ၅၅ ဦးဖြင့် သင်တန်းကာလ ၁၀ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုနည်းပြသင်တန်း ပြီးဆုံးပါက တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် အဆင့် နည်းပြသင်တန်းများနှင့် မြို့နယ်စာရင်းစစ်၊ စာရင်းကောက် သင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ စီမံချက်များအတိုင်း ဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)