အုပ်ချုပ်ရေးမှူးအဆင့်ဆင့်တွင်လည်း ဒေသအကျိုးအတွက် အမှန်တကယ် တာဝန်ထမ်းဆောင်လိုသည့် သူများကိုသာ တာဝန်ပေးအပ်ရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုပ်ချုပ်ရေးမှူးအဆင့်ဆင့်တွင်လည်း ဒေသအကျိုးအတွက် အမှန်တကယ် တာဝန်ထမ်းဆောင်လိုသည့် သူများကိုသာ တာဝန်ပေးအပ်ရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


နေပြည်တော်၊ ဩဂုတ် ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးဆိုင်ရာ အချက်အလက်များ၊ သီးနှံများစိုက်ပျိုးလျက်ရှိမှုနှင့် သီးထပ်သီးနှံစိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိမှု၊ စပါးထွက်ရှိမှုနှင့် ဒေသဝမ်းစာဖူလုံမှု၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိမှု၊ စက်မှုကုန်ကြမ်းသီးနှံနှစ်အလိုက် စိုက်ပျိုးလျက်ရှိမှု၊ ဝါသီးနှံစိုက်ပျိုးမှု၊ ရေ အရင်းအမြစ်များ ရရှိမှုနှင့် ထိန်းသိမ်းထားရှိမှု၊ စိုက်ပျိုးရေးအထောက်အကူပြုပစ္စည်းကိရိယာများ ဖြန့်ဝေပေးလျက်ရှိမှု၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး(၂)သီးမှ (၃)သီး သီးထွက်စွမ်းအား တိုးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နွေစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ အထွက်နှုန်းများ ပိုမိုတိုးတက်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ထွက်ရှိလာသည့် ဆန်၊ စပါးများကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်သည့် အရည်အသွေးရရှိသည်အထိ သုသေသနပြုကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသတွင်းစားသုံးဆီဖူလုံမှုကို အထောက်အကူပြုစေရန်အတွက် ဆီထွက်သီးနှံတစ်ခုဖြစ်သည့် နေကြာစိုက်ပျိုးမှုများကိုလည်း တိုးချဲ့ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲခဲ့မှုအခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် မဲမသမာမှုများကို တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ်အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အကြပ်အတည်းများနှင့် နိုင်ငံရေးအမြတ်ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ရပ်များကို ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များ ချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် မိမိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ၂၀၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကို သင်ခန်းစာယူပြီး လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျစီမံဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းအချက်အလက်များ မှန်ကန်မှုရှိစေရေး လာမည့်အောက်တိုဘာလတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ သန်းခေါင်စာရင်းကောက်ယူရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ရာနှုန်းပြည့်ကောက်ယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ စာရင်းဇယားများမှန်ကန်စွာရရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ရွေးကောက်ပွဲကို စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်အစည်းအဝေးကျင်းပနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးတွင် အစည်းအဝေးအထမြောက်စေရေး၊ သိက္ခာရှိသည့် လွှတ်တော်အစည်းအဝေးဖြစ်စေရေးနှင့် သတ်မှတ်ကိုယ်စားလှယ်များ ရွေးချယ်တက်ရောက်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အဆိုပါ လွှတ်တော်များတွင် သက်ဆိုင်ရာဒေသအလိုက် ပါဝင်သင့်သူများ ပါဝင်မှသာ လွှတ်တော်အတွင်း ကိုယ်စားပြုမှုများမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများနှင့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်အောင်မြင်စွာ ကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သိရှိနိုင်ရန် ပြောကြားရခြင်းဖြစ်ကြောင်း။

နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာများနှင့်ပတ်သက်၍ မိမိတို့စတင်တာဝန်ထမ်းဆောင်ချိန်တွင် အနောက်နိုင်ငံများအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ အထောက်အပံ့များ ပေးအပ်မှုကိုလည်း လျှော့ချခဲ့ကြောင်း၊ ထိုသို့ စီးပွားရေးအရ ပိတ်ဆို့မှုများကြောင့် မိမိတို့နိုင်ငံပိုင်နိုင်ငံခြားငွေများ သုံးစွဲမှုမပြုနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကုန်သွယ်မှုများမှရရှိသည့်ငွေများကို အဓိကထားသုံးစွဲနေရခြင်းဖြစ်ကြောင်း၊ ယခင်က ပြည်ပမှဝင်နေသည့် ဝင်ငွေများကို ပြန်လည်စိစစ်ခဲ့ရာတွင် ချေးငွေများ၊ ထောက်ပံ့ငွေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် ပြည်ပချေးငွေများကို တတ်နိုင်သမျှ ပြန်လည်ပေးဆပ်ရလျက်ရှိကြောင်း၊ အဓိကအားဖြင့် ကုန်သွယ်မှုများဆောင်ရွက်နိုင်ရန်အတွက် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်ပသို့ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်မှသာ နိုင်ငံခြားငွေများ တိုးတက်ရရှိပြီး နိုင်ငံ့စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း။

နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်နိုင်ရေးအတွက် နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ သီးနှံများ ဖြစ်ထွန်းအောင်မြင်ပြီး အထွက်နှုန်းကောင်းမွန်စေရေး မျိုး၊ မြေ၊ ရေ၊ နည်း ဟူသည့် နည်းလမ်း (၄) ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ အထွက်နှုန်းများတိုးတက်လာမည်ဆိုပါက စိုက်ပျိုးရေးတောင်သူများ ဝင်ငွေပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံအတွက်လည်း ဝင်ငွေများရရှိပြီး နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း။

ပဲခူးတိုင်းဒေသကြီးအနေဖြင့်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ စက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် ရာဘာ၊ ကော်ဖီ၊ ကြံ၊ ဝါနှင့် လက်ဖက်တို့ကိုလည်း တိုးချဲ့စိုက်ပျိုးစေလိုကြောင်း။

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပါက နိုင်ငံသူ၊ နိုင်ငံသားတို့၏ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ သာယာဝပြောမှုရှိလာမည်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းလာမည်ဆိုပါက နိုင်ငံတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကျရာအခန်းကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ စဉ်းစားဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ကြေးများ တိုးပေးခြင်းနှင့် သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက်လည်း ထိုက်သင့်သည့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်ကြားရေးနှင့်ပတ်သက်သည့် ဆရာ၊ ဆရာမများကိုလည်း ဘွဲ့များအလိုက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း။

ပညာသင်ကြားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဆရာ၊ ဆရာမ များစွာလိုအပ်နေဆဲဖြစ်ပြီး နိုင်ငံတော်အနေဖြင့် တတ်နိုင်သရွေ့ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ ပညာရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တန်းစဉ်ကူးပြောင်းမှုရာခိုင်နှုန်းများလည်း ကောင်းမွန်နေရန်လိုကြောင်း၊ ပညာရည်သင်ကြားနိုင်ရန်အတွက် တည်ငြိမ်အေးချမ်းမှုရှိရန်နှင့် စီးပွားရေးကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်သဖြင့် တိုင်းဒေသကြီးအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ကျောင်းသားများ အမှန်တကယ်ပညာတတ်မြောက်စေရေး အချိန်ပိုများဖြင့် သင်ကြားပေးသွားရန်လိုကြောင်း။

ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသားများ အမှန်တကယ်စာတတ်မြောက်အောင် သင်ကြားပေးလိုသည့် စိတ်ရှိရန်လိုကြောင်း၊ ပညာရေးသည် နိုင်ငံ၏ အနာဂတ်ပင်ဖြစ်ပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင် ပညာတတ်များ ပေါများကြွယ်ဝရန်လိုကြောင်း၊ ပညာတတ်များပေါကြွယ်ဝမှသာ အသိပညာ၊ အတတ်ပညာများရရှိပြီး စီးပွားရေးများကို တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာများရရှိရန်အတွက် အတန်းပညာကောင်းမွန်အောင် မိမိတို့အနေဖြင့် အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံသားများအနေဖြင့် စီးပွားရေးအခြေခံများ ရရှိစေရန်အတွက် တက္ကသိုလ်များတွင် စီးပွားရေးပညာရပ်များကို သင်ကြားပေးလျက်ရှိသကဲ့သို့ ဒီမိုကရေစီကို သိရှိနားလည်နိုင်ရန်အတွက် တက္ကသိုလ်များတွင် ဥပဒေပညာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အတွက် လုပ်ငန်းတာဝန်များကို စနစ်တကျဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်သည့် တိုင်းဒေသကြီးဖြစ်ပြီး အသိပညာအတတ်ပညာပြည့်ဝသည့် လူငယ်များမွေးထုတ်နိုင်မည်ဆိုပါက ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။

ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်ဟူသည့် မူဝါဒနှင့်အညီ ဆရာဝန်များအား ခန့်အပ်တာဝန်ပေးထားကြောင်း၊ နိုင်ငံအဝန်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ကျန်းမာရေးဝန်ထမ်းများ စဉ်ဆက်မပြတ်ခန့်အပ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်မှ ထိုသို့ဆောင်ရွက်ပေးလျှက်ရှိသကဲ့သို့ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးအသိပညာများရှိရန်လိုပြီး ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုများရှိရန်လိုကြောင်း၊ လူတစ်ဦးတစ်ယောက် ကျန်းမာရေးထိခိုက်လာမည်ဆိုပါက ကာယကံရှင်ကိုယ်တိုင်သာမက ၎င်း၏ပတ်ဝန်းကျင်၊ အဖွဲ့အစည်းနှင့် မိသားစု၏ အကျိုးစီးပွားကို ပါထိခိုက်စေနိုင်ကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ ဂရုစိုက်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကျန်းမာရေးနှင့်ဆက်စပ်၍ အားကစားကဏ္ဍတိုးတက်မှုရှိစေရေးအတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းစေရေး၊ စိတ်ဓာတ်ကောင်းမွန်စေရေး၊ အားကစားနည်းအလိုက် နည်းစနစ်ပိုင်းဆိုင်ရာများ ကျွမ်းကျင်မှုရှိစေရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေး၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်ရေးတို့အတွက် အားကစားကဏ္ဍကို မြှင့်တင်ခြင်းဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ပြည်သူ့လုံခြုံရေးကို ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေခံ ရပ်မိ၊ ရပ်ဖများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးအဆင့်ဆင့်တွင်လည်း ဒေသအကျိုးအတွက် အမှန်တကယ် တာဝန်ထမ်းဆောင်လိုသည့် သူများကိုသာ တာဝန်ပေးအပ်ရန်လိုကြောင်း၊ အုပ်ချုပ်ရေးမှူးများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့် မြေပြင်၌ အမှန်တကယ် ထိတွေ့နေသူများဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအပေါ် ကောင်းမွန်စွာဆက်ဆံဆောင်ရွက်ရန်လိုကြောင်း၊ အဆင့်ဆင့်သတင်းပေးသည့်စနစ်ကို ဖော်ဆောင်၍ ဒေသအတွက် ကောင်းရာကောင်းကျိုးဆောင်ရွက်မည့်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ်ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အဆင့်ဆင့် သတင်းပေးသည့်စနစ်ကိုကျင့်သုံးပါက အမှုအခင်းများလည်း များစွာလျော့နည်းသွားမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်းကို ကျေးလက်များအထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဆိုပါက သန်းခေါင်စာရင်းကောက်ယူမှုများနှင့် ရွေးကောက်ပွဲကျင်းပမှုများကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပဲခူးတိုင်းဒေသကြီးအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကဏ္ဍကို အလေးထားဆောင်ရွက်သွားရန်မှာကြားလိုကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး စသည်တို့နှင့်ပတ်သက်၍ နိုင်ငံတော်တွင် ဖြစ်ပေါ်နေမှုများ၊ နိုင်ငံတော်အစိုးရ၏ မျှော်မှန်းဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် သိရှိနိုင်ရေး ယခုကဲ့သို့အချိန်ယူကာ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်းနှင့် မိမိတို့တာဝန်ကျရာ တိုင်းဒေသကြီးမှတဆင့် နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေး တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ ကမ္ဘောဇသာဒီရွှေနန်းတော်သို့ ရောက်ရှိကြပြီး ရွှေနန်းတော်အတွင်း ယခင်မြေနန်းပြသာဒ်ဆောင်နေရာမှ တူးဖော်ရရှိသည့် ကျွန်းတိုင်များကို ပြသထားရှိမှု၊ နန်းတော်အတွင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် နန်းတော်အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဆင့်ဆင့် အသေးစိတ်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ နန်းတော်အတွင်း အမြဲသန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက်နေရန်လိုကြောင်း၊ ရှေးခေတ်အသုံးအဆောင်ပစ္စည်းများအား ပျက်စီးမှုမရှိစေရေး ထိန်းသိမ်းပြသထားရန်လိုကြောင်း၊ နန်းတော်ဝန်းအတွင်း လမ်းများကောင်းမွန်အောင် ပြုပြင်ထိန်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ ရေဝပ်ဧရိယာများ မရှိစေရေးဆောင်ရွက်ရန်နှင့် ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ နန်းတော်ကြီး ရေရှည်တည်တံ့နေစေရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)