ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဗုဒ္ဓဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော်(၂) ဆောင် ဆောက်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဗုဒ္ဓဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော်(၂) ဆောင် ဆောက်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်






စစ်တွေ  ၊  ဩဂုတ် ၁၃


မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိ ဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော်(၂) ဆောင် ဆောက်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိ ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ မာရဝိဇယ ဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော် ကိန်းဝပ်အပူဇော်ခံတော်မူမည့် စံကျောင်းတော်ဆောက်လုပ်ရေး ဦးစီးကော်မတီနာယက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးတွင် မာရဝိဇယဆင်းတုတော်ကို စေတီတော်ရင်ပြင်၏ ဗုဒ္ဓဟူးထောင့်တွင် လည်းကောင်း၊ အဘယရာဇမုနိရုပ်ပွားတော်ကို စေတီတော်ရင်ပြင်၏ သောကြာထောင့်တွင်လည်းကောင်း ပင့်ဆောင်ပူဇော်ပြီးဖြစ်၍ ဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော်အား ခန့်ညားထည်ဝါစွာဖြင့် မြန်မာမှု လက်ရာများ ပါဝင်အောင် ထည့်သွင်းဆောက်လုပ်နိုင်ရေးအတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ခေတ်ကာလနှင့် လိုက်လျောညီထွေမှုရှိသည့် မြန်မာမှုလက်ရာများ၊ ရခိုင်ယဉ်ကျေးမှုလက်ရာများဖြင့် ခန့်ညားထည်ဝါစွာ ဆောက်လုပ်နိုင်ရေး သက်ဆိုင်ရာ ဌာနများကလည်း အကြံဉာဏ်ကောင်းများ ပေးသွားရန်လိုကြောင်း၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ စံကျောင်းတော်များ ဆောက်လုပ်ရာတွင် ကုန်ကျမည့်ကုန်ကျစရိတ်များအား တွက်ချက်ပြီး ပြည်နယ်အစိုးရအဖွဲ့၊ ပုဂ္ဂလိက အလှူရှင်များ၊ တပ်ရင်းတပ်ဖွဲ့များမှ ထည့်ဝင်လှူဒါန်းမှုများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်းများ၏ ထည့်ဝင်လှူဒါန်းမှုများနှင့် အများပြည်သူများမှ ထည့်ဝင်လှူဒါန်းနိုင်မည့် အစီအမံများကိုလည်း  ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် စံကျောင်းတော်များ ဆောက်လုပ်ရာတွင် ကော်မတီများမှ အကြံဉာဏ်ကောင်းများ၊ ဌာနဆိုင်ရာများမှ အသိပညာ အတတ်ပညာများဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။


ထို့နောက် စံကျောင်းတော်ဆောက်လုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့်လုပ်ငန်းကော်မတီအတွင်းရေးမှူး လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က စံကျောင်းတော်ဆောက်လုပ်နိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှု၊ အလှူငွေလက်ခံရရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက စံကျောင်းတော်(၂) ဆောင်အား ခန့်ညားထည်ဝါသပ္ပါယ်စွာ တည်ဆောက်နိုင်ရေး ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။


ထို့နောက် မာရဝိဇယ ဆင်းတုတော်နှင့် အဘယရာဇမုနိ ဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော်(၂) ဆောင် ဆောက်လုပ်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မတည်လှူဒါန်းငွေ ကျပ်သိန်းနှစ်ထောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်မိသားစုက လှူဒါန်းငွေကျပ် သိန်း(၂၀)၊ ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မိသားစုမှ လှူဒါန်းငွေ ကျပ်(၁၀)သိန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအမှူးပြုသော ဌာနဆိုင်ရာမိသားစုများမှ လှူဒါန်းငွေ(၅)သိန်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး အမှူးပြုသော ဌာနဆိုင်ရာ မိသားစုများမှ လှူဒါန်းငွေ ကျပ်(၄၀ ဒသမ ၂)သိန်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး အမှူးပြုသော ဌာနဆိုင်ရာ မိသားစုများမှ လှူဒါန်းငွေကျပ်(၅)သိန်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌနမိသားစုများမှ လှူဒါန်းငွေကျပ် (၂၀)သိန်းနှင့် ရန်ကုန်မြို့၊ မရှိခဏ ဆရာတော် ဦးသုဝဏ္ဏမှ လှူဒါန်းငွေကျပ်(၁၀) သိန်း၊ စုစုပေါင်း အလှူငွေကျပ် ၂၁၁၀ ဒသမ ၂ သန်းတို့ကို ပေးအပ်လှူဒါန်းကြရာ စံကျောင်းတော် ဆောက်လုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ဘဏ္ဍာငွေစီမံခန့် ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌတို့က လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။


နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါ အစည်းအဝေးခန်းမ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။


ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုအစည်းအဝေးတွင် ပြည်ထောင်စု၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေနှင့် စပ်လျဉ်း၍ ဘဏ္ဍာငွေရရှိမှု၊ တင်ဒါဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်းဆောင်ရွက်နိုင်မှု ရှိ၊မရှိ၊ ဆက်လက်ဆောင်ရွက်သင့်သည့် အကြံပြုတင်ပြချက် (ဥပမာ- အထွေထွေပိုလျှံရန်ပုံငွေသို့ ပြန်လည်အပ်နှံခြင်း၊ လုပ်ငန်းပြောင်းလဲအသုံးပြုခြင်း၊ လုပ်ငန်းပမာဏ ပြင်ဆင်တင်ပြခြင်း) စသည့်တို့ကို ဌာနများအနေဖြင့် ပြည့်စုံစွာ တင်ပြပေးရန်လိုကြောင်း၊ ရခိုင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် နိုင်ငံပိုင်အခန်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု ငွေလုံးငွေရင်းအသုံးစရိတ် လျာထားချက်မှာ အိန္ဒိယအထောက်အပံ့ ကျပ် ၄၅၇၅ ဒသမ ၆၆၀ သန်း အပါအဝင် စုစုပေါင်းကျပ် ၁၂၄,၄၄၇ ဒသမ ၉၀၂ သန်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် နိုင်ငံပိုင် အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု ငွေလုံးငွေရင်း အသုံးစရိတ် လျာထားချက်များအား လက်ရှိဖြစ်ပေါ်နေသော အခြေအနေအပေါ်တွင် ရည်မှန်းချက်ပြည့်မှီ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များ ရှိပါကလည်း ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေးသွားကြရန်ပြောကြားသည်။


ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဝန်ကြီး၏ ကြီးကြပ်မှုအောက်ရှိ ဌာနများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအခြေအနေကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ ကြီးကြပ်မှုအောက်ရှိဌာန (၈) ခုမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု၊ ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ အခြေအနေကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။


အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)