ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား




နေပြည်တော်၊ ဩဂုတ် ၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အသင်းအဖွဲ့များမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက်ရန် ဦးဆောင်ကော်မတီဖွဲ့စည်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၁၅) ကြိမ်ရှိပြီဖြစ်ပါကြောင်း၊ ယခင်အစည်းအဝေး (၁၄) ကြိမ်အထိ ဆုံးဖြတ်ချက် (၄၉၀) ချမှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ဖမ်းဆီးရမိမှုများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ ဖမ်းဆီးရမိအမှုတွဲ (၁၃၅၅၀)၊ ခန့်မှန်းတန်ဖိုးငွေကျပ် (၂၇၅ ဒသမ ၁၂၆) ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း။

မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ခန့်မှန်းတန်ဖိုးငွေကျပ် (၃၀၃ ဒသမ ၈၁၄) ဘီလီယံနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခန့်မှန်းတန်ဖိုး ငွေကျပ် (၁၂၇ဒသမ၉၇၈) ဘီလီယံရှိကြောင်း တွေ့ရှိရသည့်အတွက် ဝိသမလောဘစီးပွားရေးသမားများနှင့် အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံအတွင်းမူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကား တရားမဝင်စီးပွားရှာနေခြင်းကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အနေဖြင့် ယခုထက်ပိုမိုထိရောက်စွာ သတင်းထောက်လှမ်းတားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။

တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများလျှော့ချနိုင်ပြီး ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးတို့အတွက် ပြည်ပမှကုန်ချောတင်သွင်းမှုများကို အခွန်နှုန်းထားမြှင့်တင်၍ ထိန်းကျောင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်ကိုလည်း သတ်မှတ်ထားသည့် အချိန်အတိုင်းအတာအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို ထိန်းချုပ်ဆောင်ရွက်ရန် အထောက်အကူဖြစ်စေသည့် E-Lock Phase (2) ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုကို လျော့နည်းပပျောက်အောင် ဆောင်ရွက်နေချိန် ဖြစ်သည့်အတွက် တရားမဝင်ကုန်စည်များ တားဆီးကာကွယ်ရေးတွင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ တာဝန်သိစိတ်ဖြင့် သတင်းအချက်အလက်များ ပေးပို့သည့် ပြည်သူများကိုလည်း ထိုက်သင့်သည့် အသိအမှတ်ပြုမှု၊ ချီးမြှင့်မှုအနေဖြင့် ဆုကြေးခွဲဝေပေးခြင်းကိုလည်း စဉ်ဆက်မပြတ် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးကြရန် ထပ်မံတိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ အတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ဦးဆောင်ကော်မတီအစည်းအဝေး (၂/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူ၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်တို့က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၄) သို့တင်ပြလာသည့် အမှာစာများကိုဖတ်ကြားတင်ပြကြသည်။

ဆက်လက်၍ ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်တို့က တရားမဝင်ကုန်သွယ်မှုဆိုင်ရာ သုံးသပ်တွေ့ရှိချက်များ၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများ၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ တရားမဝင်ယာဉ်များ၊ ယစ်မျိုးလုပ်ငန်းများ၊ စက်သုံးဆီများ၊ စားသောက်ကုန်၊ ဆေးဝါးနှင့်အလှကုန်ပစ္စည်း ဖမ်းဆီးရမိမှုများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ ပို့ကုန်၊ သွင်းကုန်နှိုင်းယှဉ်ချက်များနှင့် ကုန်သွယ်ရေးစခန်းများ၌ ကုန်စည်စီးဆင်းနေမှုအခြေအနေများ၊ တရားမဝင် Online မှ ကုန်ပစ္စည်းများရောင်းချနေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြပြီး ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင်က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေး (၃/၂၀၂၄) ဆုံးဖြတ်ချက် (မူကြမ်း) များကို ဖတ်ကြားတင်ပြသည်။

ယင်းနောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)