ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ


နေပြည်တော်၊ ဩဂုတ် ၂၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့်လည်း မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးရန် တွေ့ဆုံရခြင်းဖြစ်ပါကြောင်း။

နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များကို ဥပဒေနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် စိစစ်ခွင့်ပြုပေးလျက်ရှိပြီး ယနေ့အထိ လျှောက်ထားသည့် ပါတီ ၆၇ ပါတီရှိပါကြောင်း၊ ယင်းပါတီများအနက် မှတ်ပုံတင်ခွင့်ပြုပြီးသည့်ပါတီ ၅၁ ပါတီရှိပြီး အဆိုပါပါတီများထဲမှ နိုင်ငံရေးပါတီ ၂ ပါတီကို မှတ်ပုံတင်ခွင့် ပယ်ဖျက်ပေးခဲ့ရသည့်အတွက် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၄၉ ပါတီရှိပါကြောင်း၊ နိုင်ငံရေးပါတီ ၄၉ ပါတီအနက် တစ်နိုင်ငံလုံးစည်းရုံးမည့်ပါတီ ၉ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ ၄၀ ပါတီရှိပါကြောင်း၊ တစ်နိုင်ငံလုံးစည်းရုံးမည့်ပါတီများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီများသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ (စ)နှင့် ပုဒ်မ ၅(ဇ)တို့နှင့်အညီ ပါတီဝင်အင်အားနှင့် ပါတီရုံးခန်းများကို ပြည့်မီအောင် ကြိုးစားဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းလိုပါကြောင်း။

ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကိုပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်သလို နိုင်ငံရေးပါတီများ၏ လိုအပ်ချက်များကိုလည်း ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့် မိမိပါတီကို ခိုင်မာအားကောင်းသောပါတီ၊ မဲဆန္ဒရှင်ပြည်သူက ယုံကြည်အားကိုးသော ပါတီဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲစနစ်ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်က အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးနေ သည့်အခြေအနေများ၊ ကော်မရှင်က အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အခြေခံမဲစာရင်းများနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရွေးကောက်ပွဲတွင် မဲလက်မှတ်ဖြင့်သာမက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများက ဆွေးနွေးတင်ပြကြပြီး ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြင်ဆင်ဆောင်ရွက် လျက်ရှိသည့်အခြေအနေများကို ကော်မရှင်ရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံရေးပါတီများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၄၉ ပါတီမှဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)