ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ ဆက်လက်ပို့ဆောင်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ ဆက်လက်ပို့ဆောင်ပေးလျက်ရှိ





စစ်တွေ၊ ဩဂုတ် ၇

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို သင်္ဘောများဖြင့် ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ဘက်စုံသုံး ဆိပ်ကမ်းတွင် အမ်ဗွီကုမုဒြာသင်္ဘောဖြင့် ရန်ကုန်မြို့မှလူသုံးကုန်ပစ္စည်းများနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

အမ်ဗွီကုမုဒြာ သင်္ဘောတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးပို့သည့် ဆန် ၂၄ ပြည်အိတ် ၇၈၉၇ အိတ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကမှာယူသည့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ စုစုပေါင်း ၄၀၄ ဒသမ ၇၅ တန် တင်ဆောင်၍ စစ်တွေမြို့ သို့ရောက်ရှိလာခြင်း ဖြစ်သည်။

အဆိုပါပစ္စည်းများအား ကုန်တင်ကုန်ချ ပြုလုပ်နိုင်ရေး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိလာသောကုန်ပစ္စည်းများအား မိုးလေဝါသအခြေအနေအပေါ်မူတည်ပြီး စနစ်တကျအတင်အချပြုလုပ်နိုင်ရေး၊ ကုန်ပစ္စည်းများပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကိုမှာ ကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါဆိပ်ကမ်း၌ အမ်ဗွီ-ရွှေသုဝဏ်နှင့် အမ်ဗွီ- အောင်ရတနာ သင်္ဘောတို့မှ ဆန်နှင့်စားသောက်ကုန်ပစ္စည်းများအား အတင်အချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ပွိုင့်ကမ်းခြေတွင် ပွိုင့်-စစ်တွေဟိုတယ်လမ်းပိုင်း၌  ပြန်လည်ပြုပြင်ဆဲဖြစ်သည့် လမ်းအပိုင်းအား အမြန်ဆုံး ပြီးစီးအောင်ပြုပြင်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထိုသို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်  လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်မောင်မြင့်က လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


တင်ထွန်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)