ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ညောင်တုန်းမြို့ ကမ်းပတ်တာအခြေအနေ ကြည့်ရှုစစ်ဆေး ရေဘေးသင့်ပြည်သူများအား ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ညောင်တုန်းမြို့ ကမ်းပတ်တာအခြေအနေ ကြည့်ရှုစစ်ဆေး ရေဘေးသင့်ပြည်သူများအား ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့


နေပြည်တော်၊ ဩဂုတ် ၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယမန်နေ့က ညောင်တုန်းမြို့သို့ရောက်ရှိပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် ညောင်တုန်းမြို့ကမ်းပတ်တာအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မြစ်ကမ်းထိန်းတည်ဆောက်မှုလုပ်ငန်းခွင် ရှင်းလင်းဆောင်၌ စံကင်းကျွန်းရေတိုက်စားမှု၊ ရေလွှမ်းခံရမှု၊ ကာကွယ်ထိန်းသိမ်းရေးဆောင်ရွက်မှုအခြေအနေများနှင့် ကုက္ကိုဝကျေးရွာ မြစ်ကမ်းထိန်းတည်ဆောက်ရန် လိုအပ်မှုအခြေအနေတို့ကို ဧရာဝတီတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပန်းတနော်မြို့ အရှေ့ပိုင်းရပ်ကွက် သာသနာ့ဗိမာန်ရေဘေးရှောင်စခန်းသို့ရောက်ရှိပြီး မြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်းသုံးခုမှ ဘေးသင့်ပြည်သူ ၃၁၄ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၂၈၂၆၀၀ဝ၊ ဘေးသင့် ပြည်သူ၂၃၄ ဦးအတွက်ကြက်ဥ ၉၃၆ လုံးကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆန်၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ငါးသေတ္တာဘူး များကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

ဆက်လက်၍ ကျောင်းကုန်းမြို့ မျက်ရှင်တော်ပြည်လုံးချမ်းသာ ဘုရားကြီးဝင်းရှိ ဓမ္မသဟာယမဉ္ဇရီဗိမာန်၌ ရေဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံပြီး ကျောင်းကုန်းမြို့နယ်အတွင်းရှိ ရေဘေးရှောင် စခန်း ၁၇ ခုမှ ဘေးသင့်ပြည်သူ ၂၅၁၈ ဦးအတွက်ဆန်ရိက္ခာဖိုးငွေကျပ် ၂၂၆၆၂၀၀ဝ၊ ရေဘေးသင့် ပြည်သူ ၅၉၄ ဦးအတွက် ကြက်ဥ ၂၃၇၆ လုံးကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှဆန်၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ငါးသေတ္တာဘူးများကိုလည်းကောင်း ထောက်ပံ့ပေးအပ်၍ ရေဘေးသင့် ပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ မြို့မကျောင်း ရေဘေးရှောင်စခန်းသို့ သွားရောက်ကြည့်ရှုသည်။ ယင်းနောက်မျက်ရှင်တော်ပြည်လုံးချမ်းသာ ဘုရားကြီးကိုဖူးမြော်ကြည်ညိုပြီး ဒက္ခိဏာရာမ ရွှေကျင်ပရိယတ္တိ စာသင်တိုက်မှ ဆရာတော်ဘဒ္ဒန္တနန္ဒာစရိယအား ဖူးမြော်၍ ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ကန်ကြီးထောင့်မြို့အမှတ်(၁) ရပ်ကွက် လောကမှန်ကူဘုရားဝင်းရှိ ရေဘေးရှောင် စခန်းသို့ ရောက်ရှိခဲ့ပြီး မြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်း ၁၃ ခုမှ ဘေးသင့်ပြည်သူ ၁၃၄၇ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၁၂၁၂၃၀၀ဝ နှင့် အဆိုပါစခန်းရှိ ဘေးသင့်ပြည်သူ ၃၂၇ ဦးအတွက် ကြက်ဥ ၁၃၀၈ လုံးကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆန်၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ငါးသေတ္တာဘူးများကို လည်းကောင်း ထောက်ပံ့ပေးအပ်ကာ ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယနေ့ သွားရောက်ခဲ့သည့် မြို့နယ်သုံးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ယနေ့ထောက်ပံ့မှု စုစုပေါင်းမှာ ငွေကျပ် ၆၄၄ သိန်းကျော်ဖြစ်ကြောင်း သိရသည်။  


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)