ဒေသတွင်းလုံခြုံရေးတည်ဆောက်ရာတွင်လည်း အာဆီယံ၏အရေးပါသည့်အခန်းကဏ္ဍကို ခိုင်မာစေရန်၊ အာဆီယံ၏ အချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကိုမြှင့်တင်နိုင်ရန် သဝဏ်လွှာပေးပို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသတွင်းလုံခြုံရေးတည်ဆောက်ရာတွင်လည်း အာဆီယံ၏အရေးပါသည့်အခန်းကဏ္ဍကို ခိုင်မာစေရန်၊ အာဆီယံ၏ အချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကိုမြှင့်တင်နိုင်ရန် သဝဏ်လွှာပေးပို့


နေပြည်တော်၊ သြဂုတ် ၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၅၇) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပေးပို့ထားသည်။


လေးစားအပ်ပါသော မြန်မာပြည်သူပြည်သားများနှင့် အာဆီယံပြည်သူများခင်ဗျား

ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ (၅၇) နှစ်ပြည့်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ဤနေ့ထူးနေ့မြတ်အခါသမယတွင် မြန်မာနိုင်ငံပြည်သူများနှင့် အာဆီယံပြည်သူများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့လျက် နှုတ်ခွန်းဆက်သအပ်ပါသည်။ အစဉ်အမြဲပြောင်းလဲနေသော ကမ္ဘာ့ရေးရာဖြစ်ပေါ်တိုးတက်မှုများအကြား အာဆီယံအသင်းကြီး ပိုမိုခိုင်မာတိုးတက်အောင်မြင်ပါစေကြောင်းနှင့် အာဆီယံပြည်သူများ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သာယာဝပြောကြပါစေကြောင်းလည်း ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါသည်။

အာဆီယံအသင်းကြီးကို ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၈ ရက်တွင် စတင်တည်ထောင်သူ ဗိသုကာကြီး (၅)ဦး၏ ဉာဏ်အမြော်အမြင်ကြီးမားစွာဖြင့် ဖွဲ့စည်းခဲ့ပြီး၊ အာဆီယံအသင်းကြီးသည် အဖွဲ့အစည်းတစ်ခုမှ အသိုက်အဝန်းတစ်ရပ်ဆီ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမှ ပေါင်းစည်းမှုဆီသို့ ကူးပြောင်းလာနေပြီဖြစ်ပါသည်။ နှစ်ပေါင်း (၅၇) နှစ်အတွင်း အာဆီယံအသင်းကြီးအနေဖြင့် စတင်တည်ထောင်ခဲ့သူ အဖွဲ့ဝင်များ၏မျှော်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်လျက်ရှိပြီး၊ ကမ္ဘာတွင် အစိုးရအချင်းချင်းအကြား ဖွဲ့စည်းထားသော အဖွဲ့အစည်းများအနက် အောင်မြင်မှုအရှိဆုံး အဖွဲ့အစည်းတစ်ခုအဖြစ် အသိအမှတ်ပြုလာကြပါသည်။ အာဆီယံအသင်းကြီးသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် ဦးဆောင်မှုအခန်းကဏ္ဍက ပါဝင်လျက်ရှိပါသည်။ အသင်းကြီး၏ တိုးတက်ပြောင်းလဲမှုသမိုင်းတစ်လျှောက်တွင် စိန်ခေါ်မှုများရှိသော်လည်း ဒေသတွင်းနှင့် ဒေသပြင်ပတို့တွင် ဖြစ်ပေါ်နေသည့် နက်နဲသိမ်မွေ့လှသော ပထဝီနိုင်ငံရေးနှင့် လူမှု-စီးပွား စိန်ခေါ်မှုများကို ထိရောက်အောင်မြင်စွာ ကိုင်တွယ်နိုင်ခဲ့ပါသည်။


လေးစားအပ်ပါသော မြန်မာပြည်သူပြည်သားများနှင့် အာဆီယံပြည်သူများခင်ဗျား

အာဆီယံအသင်းကြီးသည် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC) ၊ အာဆီယံပဋိညာဉ်စာတမ်း (ASEAN Charter) နှင့် အခြားအာဆီယံစာချုပ်စာတမ်းများတွင် ပါဝင်သည့် အခြေခံမူများနှင့်စံနှုန်းများကို လေးစားလိုက်နာသော စည်းမျဉ်းအခြေပြု အသိုက်အဝန်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေပါသည်။ အာဆီယံအနေဖြင့် ပြည်သူဗဟိုပြု၊ ပြည်သူကို ဦးတည်သည့် အသင်းကြီးဖြစ်သည်နှင့်အညီ အာဆီယံအသိုက်အဝန်း တည်ထောင်သော လုပ်ငန်းစဉ်မှာ အဓိပ္ပာယ်ပြည့်ဝစွာ အားလုံးပါဝင်ရေးအတွက် မိမိတို့၏ကြိုးစားအားထုတ်မှုတိုင်းမှာ အာဆီယံပြည်သူများကို မဏ္ဍိုင်ပြုသွားမည်ဖြစ်ပါသည်။ ဒေသတွင်းလုံခြုံရေး တည်ဆောက်ရာတွင်လည်း အာဆီယံ၏အရေးပါသည့်အခန်းကဏ္ဍကိုခိုင်မာစေရန်၊ အာဆီယံ၏အချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကိုမြှင့်တင်နိုင်ရန် မိမိတို့အားလုံးအတူတကွ ကြိုးပမ်းအားထုတ်သွားကြရမည်ဖြစ်ပါသည်။

သိမ်မွေ့နက်နဲပြီး လျင်မြန်စွာပြောင်းလဲနေသည့် ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးမျက်နှာစာများအကြား အာဆီယံအနေဖြင့် စည်းစည်းလုံးလုံးနှင့် ကြံ့ကြံ့ခံနိုင်ပြီး အချိတ်အဆက်မိမိနှင့် တုံ့ပြန်မှုမြန်ဆန်စွာ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ရန် လိုအပ်ပါသည်။ ထို့ကြောင့် “ပေါင်းစည်းဆက်သွယ်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်မည့် အာဆီယံ” ဆိုသည့် ၂၀၂၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံ၏ဆောင်ပုဒ်သည် ကျိုးကြောင်းဆီလျော်မှုအရှိဆုံးဆိုသည်ကို ထင်ရှားစွာတွေ့မြင်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ မိမိတို့ အဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် အာဆီယံ၏ကြံ့ကြံ့ခံနိုင်မှု၊ တီထွင်ဆန်းသစ်မှု၊ တက်ကြွမှုနှင့် ပြည်သူဗဟိုပြုမှုများကိုထိန်းသိမ်းလျက် ပြည်သူများ၏မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ကို အပြီးသတ်ရေးဆွဲနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

ထို့အပြင် ဒေသတစ်ဝန်း စီးပွားရေးနှင့် သက်ဆိုင်သောအဖွဲ့အစည်းများ၏ ဒစ်ဂျစ်တယ်ကုန်စည်စီးဆင်းရေး၊ နယ်စပ်ဒေသဖြတ်ကျော် အီလက်ထရောနစ်ကုန်သွယ်မှုတို့ကို ပိုမိုအားကောင်းစေနိုင်မည့် ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ မူဘောင်သဘောတူစာချုပ် (DEFA) ကို အကောင်အထည်ဖော်ခြင်းဖြင့် ကုန်စည်ထောက်ပံ့မှုကွင်းဆက်ဆိုင်ရာ အတားအဆီးနှင့် စိန်ခေါ်မှုများကို ကျော်လွှားဖြေရှင်းနိုင်မည်ဖြစ်ပါသည်။


လေးစားအပ်ပါသော မြန်မာပြည်သူပြည်သားများနှင့် အာဆီယံပြည်သူများခင်ဗျား

တာဝန်သိ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အာဆီယံပဋိညာဉ်စာတမ်း (ASEAN Charter) နှင့်အညီ အာဆီယံအသိုက်အဝန်းတည်ထောင်မှု လုပ်ငန်းစဉ်များတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးနှင့်အတူတကွ တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ဥပဒေကြောင်းအရရော ဘဏ္ဍာရေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာများတွင်ပါ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ဖြည့်ဆည်းရမည့် တာဝန်ဝတ္တရားများကို ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေး၏ ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးတာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့ပါသည်။ ထို့ကြောင့် အာဆီယံနှင့်တရုတ်နိုင်ငံအကြား ဆက်ဆံရေးသည် ပိုမိုကျယ်ပြန့် နက်ရှိုင်းလာခဲ့ပြီး အာဆီယံအသိုက်အဝန်း (၃) ခုလုံးအောက်ရှိ တည်ထောင်ထားရှိပြီးဖြစ်သော အရေးပါသည့် ယန္တရားများမှတစ်ဆင့် သိသာထင်ရှားသော အောင်မြင်မှုများရရှိအောင် မြန်မာနိုင်ငံက ဆောင်ရွက်နိုင်ခဲ့ပါသည်။ မိမိတို့အနေဖြင့် ယခု အရှိန်အဟုန်ဖြင့် အာဆီယံ-ရုရှား မိတ်ဖက်ဆက်ဆံရေး၏ ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးတာဝန်ကိုလည်း ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယခုကဲ့သို့ မင်္ဂလာရှိသည့် (၅၇) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့အခါသမယတွင် ပိုမိုစည်းလုံးညီညွတ်စွာဖြင့် “တစ်ခုတည်းသော အသိုက်အဝန်း” ဆီသို့ ဦးတည်လျှောက်လှမ်းသင့်ပါသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် စံနှုန်းများကို အလေးထားကာ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ မိမိတို့ပြည်တွင်းရေးကို ကိုင်တွယ်ဖြေရှင်းကြရာတွင် ချောမွေ့စေရေးအတွက် အဖွဲ့ဝင်နိုင်ငံအားလုံးက အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက်သင့်ပါသည်။

အာဆီယံမဏ္ဍိုင် (၃) ရပ်လုံးကို လွှမ်းခြုံသော အာဆီယံအသိုက်အဝန်း ဖန်တီးရာတွင် အဖွဲ့ဝင်နိုင်ငံအားလုံးက ကတိကဝတ်များ အပြည့်အဝထားရှိရန် လိုအပ်ပါသည်။ ထိုကတိကဝတ်များသည် အဖွဲ့ဝင်နိုင်ငံအားလုံး၏ သက်ဆိုင်ရာ နိုင်ငံခြားရေးမူဝါဒအသီးသီးအတွက် အခြေခံကောင်းများဖြစ်သကဲ့သို့ အာဆီယံအသိုက်အဝန်းကြီး၏ ခိုင်မြဲသောအုတ်မြစ်လည်း ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် မြန်မာပြည်သူများနှင့် အာဆီယံပြည်သူများအားလုံး ပိုမိုငြိမ်းချမ်းပြီး ဆတက်ထမ်းပိုး စည်ပင်သာယာဝပြောပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)