ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ပြန်ကြားရေးဝန်ကြီးဌာနရှိ ရုံးစာကြည့်တိုက်များနှင့် စာကြည့်တိုက်ကော်မတီအတွက် ၎င်းရေးသားသည့် စာအုပ် ၁၀၀၀ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ပြန်ကြားရေးဝန်ကြီးဌာနရှိ ရုံးစာကြည့်တိုက်များနှင့် စာကြည့်တိုက်ကော်မတီအတွက် ၎င်းရေးသားသည့် စာအုပ် ၁၀၀၀ ပေးအပ်လှူဒါန်း


နေပြည်တော်၊ သြဂုတ် ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး (စာရေးဆရာ မောင်အောင်) က ပြန်ကြားရေးဝန်ကြီးဌာနရှိ ရုံးစာကြည့်တိုက်များနှင့် စာကြည့်တိုက်ကော်မတီအတွက် စာအုပ်များပေးအပ်လှူဒါန်းပွဲကို ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ယခုစာအုပ်သည် ၁၉၇၃ ခုနှစ် တက္ကသိုလ်ကျောင်းသားဘဝ တတိယနှစ်တွင် ရေးသားခဲ့သည့် စာအုပ်ဖြစ်ပါကြောင်း၊ ယင်းစာအုပ်သည် စာပေဗိမာန်ဆုရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဒုတိယအကြိမ် ထုတ်ဝေခဲ့ပါကြောင်း၊ ယခုနှစ်တွင် ထူးခြားစွာဖြင့် “အ” သုံးလုံးသင်တန်းများ ပြန်လည်ဆောင်ရွက်နေသည့်အတွက် ယခုစာအုပ်ကို ထပ်မံထုတ်ဝေရခြင်းဖြစ်ပါကြောင်း၊ လူငယ်များကို ပြုစုပျိုးထောင်ရာတွင် အလွန်အရေးကြီးသည့် လုပ်အားပေးလုပ်ငန်းကို ဆောင်ရွက်ခဲ့သည့် ဘဝအတွေ့အကြုံများဖြင့် ရေးသားထားသည့် ယခုစာအုပ်ကို အားလုံးဖတ်ရှုနိုင်စေရန် လာရောက်လှူဒါန်းရခြင်း ဖြစ်ပါကြောင်းနှင့် မိမိတို့နိုင်ငံ၏ စာမတတ်သူပပျောက်ရေးလုပ်ငန်းများတွင် နိုင်ငံသားတိုင်း တက်တက်ကြွကြွဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ၎င်းကိုယ်တိုင်ရေးသားပြုစုထားသော စာပေဗိမာန်ဆုရ “လကွယ်ည၏ အလင်းရောင်” စာအုပ်များကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ စာအုပ်များ လှူဒါန်းသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ စာရေးသူအနေဖြင့် ပထမအကြိမ်ကလည်း စိုက် / မွေး / ဆည် စာစုများ စာအုပ် အုပ်ရေ ၂၅၀ နှင့် ရင်ထဲက အဖေနှင့် ပတ်သက်သည့် စာစုများ စာအုပ် အုပ်ရေ ၂၅၀ ပေါင်း ၅၀၀ ကို လှူဒါန်းပေးခဲ့ပါကြောင်း၊ ယခုလို စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်နေသည့် အချိန်ကာလတွင် စာအုပ်များ လှူဒါန်းပေးခြင်းသည် ကုသိုလ်လည်းရသလို လိုအပ်သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ စာရေးသူအနေဖြင့် စာကောင်းစာမွန်များ ဆက်လက်ရေးသားနိုင်ပါစေကြောင်းနှင့် နိုင်ငံ့တာဝန်များကို ဆတက်ထမ်းပိုးထမ်းဆောင်နိုင်ပါစေကြောင်း ပြောကြားသည်။

ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး (စာရေးဆရာ မောင်အောင်) က စာပေဗိမာန်ဆုရ “လကွယ်ည၏ အလင်းရောင်” စာအုပ် ၁၀၀၀ ကို ပြန်ကြားရေးဝန်ကြီးဌာနရှိ ရုံးစာကြည့်တိုက်များနှင့် စာကြည့်တိုက်ကော်မတီအတွက် ပေးအပ်လှူဒါန်းခြင်းဖြစ်ရာ စာအုပ်များကို သက်ဆိုင်ရာစာကြည့်တိုက်များသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)