ညောင်ဦးမြို့နယ် လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး၏ ၉၅၂ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ်လောင်းလှူခြင်းနှင့်ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး၏ ၉၅၂ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ်လောင်းလှူခြင်းနှင့်ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ




ညောင်ဦး  ၊ ဩဂုတ် ၁၂


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး၏ ၉၅၂ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့ ဝါခေါင်လဆန်း(၈)ရက်နေ့တွင် လောကနန္ဒာဘုရားကြီးရင်ပြင်တော်ပေါ် နံနက်၉နာရီအချိန်က ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။


ညောင်ဦးမြို့ စွယ်တော်လေးဆူတွင် တစ်ဆူအပါအဝင်ဖြစ်သော လောကနန္ဒာစွယ်တော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို စေတီတော်ရင်ပြင်ရှိ အာရုံခံတန်ဆောင်းတော်ကြီး၌ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကာ ညောင်ဦးမြို့နယ် ရုပ်စုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ အရှင်သူမြတ်ထံမှ (၈)ပါးသီလ ခံယူဆောက်တည်ကြကာ ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဗုဒ္ဓပူဇနိယပွဲတော်လာ ဧည့်ပရိတ်သတ်တို့မှ ဆွမ်းသပိတ်လုံးနှင့် လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းကြသည်။


ပြီးနောက် ဩဝါဒါစရိယမဟာဝိသုတာရာမတိုက်သစ် ဆရာတော်မဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တပညာသီရိအရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှအတန်း ပေးဝေကြသည်။ ဆက်လက်၍ ပင့်သံဃာ ၁၇၀ တို့အား လောကနန္ဒာဘုရား စွယ်တော်မြတ်စေတီ ရင်ပြင်တော်ပေါ်၌ ဆွမ်းသပိတ်လုံးများ လောင်းလှူခဲ့ကြကြောင်း သိရသည်။


လောကနန္ဒာစွယ်တော်မြတ်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာမပျက် ကျင်းပလျက်ရှိရာ မြန်မာပြည်အရပ်ရပ်မှ ကုသိုလ်ရှင်များ၊ ဘုရားဖူးလာရောက်သူများဖြင့် စည်းကားလျက်ရှိရာ ဧရာဝတီမြစ်လယ်ကျွန်းကျေးရွာများမှ လောင်းလှေများဖြင့် လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးအား ဦးတိုက်ပူဇော်ခြင်း၊ ခေတ်အဆက်ဆက် လောင်းလှေပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့သည့် ပြယုတ်များကို အလှပြပြသခြင်းများနှင့် အခြားမြို့များမှ ဆယ်နှစ်ပွဲဈေးသည်များဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)