ကံကြီးကုန်းကို ကယ်တင်ပေးတဲ့ တိုင်းမှူးကြီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံကြီးကုန်းကို ကယ်တင်ပေးတဲ့ တိုင်းမှူးကြီး



ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာကို KIA, PDF နဲ့ ပူးပေါင်းအဖွဲ့များက တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ၂၈-၈-၂၀၂၄ ရက်နေ့ က စပြီး ဒေသခံတွေနဲ့ အဆက်အသွယ်ရလို့ စစ်ကူ/ ပစ်ကူဆောင်ရွက်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်တော်တစ်ယောက်တည်း တောင်းဆိုတာ မဟုတ်ပါဘူး။ ကိုကျော်စိုးဦး တင်ပြနေတယ်။ ကိုကျော်စိုးဦး ရဲ့ Telegram Channel ဆိုရင် တပ်ဘက်က စောင့်ကြည့်နေတယ်လို့ ယုံကြည်တဲ့အတွက် ကိုကျော်စိုးဦး တင်ပြထားတာကို တွေ့ရင် တာဝန်ရှိသူတွေအနေနဲ့ ဆောင်ရွက်ပေးမှာပဲလို့ စိတ်အေးလက်အေး နေခဲ့ပါတယ်။

နောက်တော့ ဒေသခံတွေရဲ့ မိသားစုဝင်တွေဆီက ကျွန်တော့်ထံလည်း ဆက်သွယ်လာပြန်တယ်။ စစ်ရေးဆိုင်ရာ အကူအညိ လိုအပ်သည့်အခြေအနေ၊ KIA, PDF ပူးပေါင်း အကြမ်းဖက်အဖွဲ့များရဲ့ လှုပ်ရှားမှုအခြေအနေတွေကို ဆက်သွယ် ပြောဆိုပြန်ပါတယ်။ ဒေသခံပြည်သူတွေမှာတော့ အကြမ်းဖက်သမားများနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတာ ဖြစ်တဲ့အတွက်  သူတို့အကူအညီလိုအပ်တာကို ဆက်သွယ် ကူညီဆောင်ရွက်ပေးနိုင်မယ့်သူ မှန်သမျှကို ချိတ်ဆက်ကြတာပဲ ဖြစ်ပါတယ်။ ၂၈-၈-၂၀၂၄ ရက်နေ့ကတော့ ပစ်ကူ တောင်းခံရာမှာတော့ နံနက်ပိုင်း (၁၀ ၀၀)နာရီ ဝန်းကျင်လောက်က လေကြောင်း ပစ်ကူ ရရှိခဲ့တယ်။ အဲဒီနေ့ ညနေပိုင်း (၂ ၀၀)နာရီ နောက်ပိုင်းမှာ အကြမ်းဖက်သမားတွေက ဒရုန်းတွေနဲ့ တိုက်ခိုက်နေလို့ ပစ်ကူထပ်မံဆောင်ရွက်ပေးဖို့ ဆက်သွယ်လာပြန်ပါတယ်။ ကိုကျော်စိုးဦးဘက်ကလည်း တင်ပြနေတာ တွေ့ရပါတယ်။ ကျွန်တော့်ဆီ ဆက်သွယ်လာပြန်တော့လည်း ကျွန်တော်လည်း ထပ်မံ တင်ပြပါတယ်။ ဆက်သွယ်ပေးပို့လို့ရမယ့် ပုဂ္ဂိုလ်တွေကို ဒေသခံတွေရဲ့ ဆက်သွယ်ပြောကြားချက်အတိုင်းပဲ ပေးပို့ တင်ပြပါတယ်။ သတင်းချန်နယ်ကနေလည်း ဖော်ပြပါတယ်။ ၂၈-၈-၂၀၂၄ ညနေပိုင်းနှင့် ညပိုင်း လုံးဝ ကူညီဆောင်ရွက်ပေးခြင်း မရှိခဲ့ပါဘူး။ ၂၈-၈-၂၀၂၄ ရက်နေ့ညမှာ ဒေသခံတွေရဲ့ ဆက်သွယ်ပြောကြားချက်အရ ကူညီဆောင်ရွက်ပေးဖို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ထဲကိုပဲ မေးခွန်းထည့်ပေးပြီး ကူညီဆောင်ရွက်ပေးနိုင်ဖို့ တင်ပြရာမှာ အချိန်လွဲမှား ဖော်ပြမိတာ ရှိခဲ့ပါတယ်။ ဒေသခံတွေက အကူအညီလိုအပ်နေလို့ ဆက်သွယ်တယ်။ ကျွန်တော်တို့ကလည်း သိရှိရသည့်အတိုင်း တာဝန်ရှိသူများ ကူညီနိုင်အောင် တင်ပြတယ်။ ဒီကိစ္စမှာ ကျွန်တော်တို့က မဟုတ်မမှန် တင်ပြနေသလား၊ နယ်မြေအခြေအနေမှာ တကယ်ပဲ အရေးပေါ် အကူအညီ လိုအပ်နေသလား ဆိုတာကို နယ်မြေတာဝန်ခံများနဲ့ ဆက်သွယ်ပြီး သတင်းကို အတည်ပြုလို့လည်း ရပါတယ်။ အဲဒီလို လုပ်လိမ့်မယ်လို့လည်း ယူဆရပါတယ်။ 

နယ်မြေဒေသမှာ တာဝန်ရှိတဲ့သူက အကူအညီ လိုအပ်နေတဲ့ အခြေအနေကို မလိုအပ်ပါဘူးလို့ ပြောလို့ပဲလား။ ၂၈-၈-၂၀၂၄ အကူအညီ တောင်းခံလို့ မရပါဘူး။ ထပ်မံပြီး ၂၉-၈-၂၀၂၄ ရက်နေ့ မန္တလေးမှာ ပေါက်ကိုယ်တော်၊ တောင်သာလေးဆရာတော်တို့ ဦးဆောင်ပြီး မန္တလေးမြို့မှာ အကြမ်းဖက်ဘေးအန္တရာယ်နဲ့ ပတ်သက်လို့ ဆန္ဒပြမယ်ဆိုတဲ့အခါ သွားခဲ့တယ်။ ပွဲကျင်းပနေစဉ်အတွင်းမှာလည်း ကံကြီးကုန်း က ဖုန်းနံပါတ် ၂ခုက တောက်လျှောက် ဆက်နေတယ်။ ပွဲပြီးမှ ဖုန်းကိုင်လိုက်တဲ့အခါကြတော့ အကူအညီမလာတဲ့အကြောင်း ပြောတယ်။ ကျွန်တော်တို့ရဲ့ တင်ပြမှုတွေအပေါ် သံသယရှိလို့ပဲလား၊ ဒေသအာဏာပိုင်က မလိုအပ်ဘူး ပြောလို့ပဲလား။ အကူအညီပေးဖို့ ထပ်မံ တိုက်တွန်း ပြောဆိုပါတယ်။

ဒီအတိုင်းပဲ အကူအညီမပေးဘဲ ထားရင်တော့ ရွာသူ/ရွာသားတွေကို သေတွင်းထဲ တွန်းပို့သလို ဖြစ်တော့မယ်။ တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့မှုဖြစ်တော့မယ်လို့ တွေးမိတယ်။ စိတ်လိုလက်ရ ပြောမယ်ဆိုရင် (ခင်ဗျားတို့ ပြောတော့ လူ့အသက်ထက် အရေးကြီးတာ ဘာမှ မရှိဘူးဆို၊ အခု အကြမ်းဖက်သမားတွေ က ရွာကို ဝင်စီးနေပြီ၊ ခင်ဗျားတို့ကို ကူညီ ကယ်တင်ပေးဖို့ ပြောနေတာ။ ခင်ဗျားတို့ ပြောတော့ ပြည်သူ ပူးပေါင်းဆောင်ရွက်ပါဆို၊ အခု ပူးပေါင်းဆောင်ရွက်နေတဲ့ ပြည်သူတွေကို သေတွင်းထဲ တွန်းပို့တော့မှာလား) အစရှိသဖြင့် ကျွန်တော့်ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ စကားလုံးတွေပေါ့ဗျာ။ အဲဒီလို စကားလုံးတွေကို ကျွန်တော် ပါးစပ်က ဖွင့်ချပြောလိုက်ရင်တော့ ပဒက်ကို နှိမ်နင်းဖို့ မသေချာပေမယ့် ကျွန်တော့်ကို လာဖမ်းဖို့တော့ သေချာပါတယ်။ အဲဒီစကားလုံးကို မြိုသိပ်ပြီးတော့ ကူညီဆောင်ရွက်ပေးနိုင်ဖို့ အနူးအညွတ်မေတ္တာရပ်ခံပါတယ်လို့ အောက်လုံးထိုးရပါတယ်။

သူတို့က အရာရှိကြီးတွေလေ၊ သူတို့ပခုံးမှာ အပွင့်တွေ အခတ်တွေနဲ့။ လုပ်ပိုင်ခွင့်တွေနဲ့ တာဝန်တွေနဲ့။ ကျုပ်တို့က လမ်းဘေးကကောင်တွေဆိုတော့လည်း ကျွန်တော်တို့ ပြောတဲ့စကားကို သိပ်ပြီး အလေးမထားချင်ဘူးပေါ့ဗျာ။ တပ်မတော်အရာရှိများက ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မလိုလားဘူး၊ မလိုအပ်ဘူးဆိုရင် အစကတည်းက နိုင်ငံတော်အကြီးများက ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ပါဆိုတဲ့ စကားကို မပြောသင့်ဘူးပေါ့။ အခု နိုင်ငံတော်အကြီးအကဲများက လမ်းညွှန်ထားသည်နှင့်အညီ ကျွန်တော်တို့ လမ်းဘေးက လူတွေက ပြည်သူတွေရဲ့ လိုအပ်ချက်ကို တင်ပြတယ်။ ဒီတပ်မတော်ကြီးက ဒီပြည်သူတွေကို ကာကွယ်ဖို့ မဟုတ်ဘူးလား။ အကြမ်းဖက်သမားတွေက အပြစ်မဲ့ ရွာသူ/ရွာသားတွေကို အစုလိုက် အပြုံလိုက် သတ်တော့မယ့် အချိန်မှာ မကူညီဘူးဆိုရင် အသတ်ခံရပြီးမှ အလောင်းကောက်ရုံလောက်ပဲ ကူညီမှာလား။ အဲဒီလို အဖြစ်မျိုးတွေ များခဲ့ပြီဖြစ်လို့ အဲဒီလို မဖြစ်ရအောင် တင်ပြခြင်းဖြစ်ပါတယ်ဗျာ။

ကိုကျော်စိုးဦး ပြောနေတာလည်း မရ၊ ကျွန်တော် ပြောနေတာလည်း မရ၊ ဒေသခံတွေက ပေါက်ကိုယ်တော်ရဲ့ ဖုန်းနံပါတ်မေးတယ်။ ဆရာတော် က သူ့ဖုန်းနံပါတ်ကို အဲဒီလို ပေးတာ မကြိုက်မှန်း သိသော်လည်း ပေးလိုက်တယ်။ ကျွန်တော်တို့ဆီကို ဆက်သွယ်ပြောဆိုနေရာကနေ ဆရာတော်ဆီကို တောက်လျှောက် ဖုန်းတွေ ဆက်ကြတယ်လို့ ပြောတယ်။ ဆရာတော်လည်း သူလက်လှမ်းမီသမျှ တာဝန်ရှိသူတွေကို ဆက်သွယ်ပြောဆိုပြီး အကူအညီ တောင်းတယ်။

ကျွန်တော်တို့က ဒီလိုကိစ္စတွေ မတင်ပြဘဲနေရင် ဘာဖြစ်မလဲ။ ဘာမှမဖြစ်ဘူး။ အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူတွေကို သတ်သွားကြမှာပေါ့။ ကျွန်တော်တို့ကို ဆက်သွယ်ပြောဆိုတယ်။ သိရသည့်အလျှောက် တာဝန်ရှိသူတွေကို တင်ပြတယ်။ ပေါက်ကိုယ်တော် တင်ပြပြီးနောက်ပိုင်း လေကြောင်း အကူအညီရောက်ရှိသွားတယ်။ အကြမ်းဖက်သမားတွေကို နှိမ်နင်းနိုင်ခဲ့တယ်။ ရွာသူ/ရွာသားတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမယ့်ဘေးကနေ ကင်းဝေးခဲ့တယ်။ 

ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်ကို ကျွန်တော်တို့က တာဝန်သိ ပြည်သူတွေအနေနဲ့ တင်ပြတာ၊ တပ်မတော်အရာ ရှိကြီးတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့ လုပ်ရပ်တစ်ခုမှ မပါဘူး။ ထိပါးစရာလည်း မရှိဘူး။ ကျွန်တော်တို့ သတင်းပေးတယ်။ သက်ဆိုင်ရာ နယ်မြေ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး အတည်ပြုချက် ယူလို့ရတယ်။ ဟုတ်မှန်တယ်ဆိုရင် လိုအပ်တဲ့နေရာကို အကူအညီပေးရမယ်။

အဲဒီ ချောင်းဦး၊ ကံကြီးကုန်းဖြစ်စဉ်မှာ ၂၈-၈-၂၀၂၄ ရက်နေ့ကတည်းက စစ်ကူလွှတ်ထားတယ် ရောက်မလာသေးဘူးလို့လဲ ပြောကြတယ်။ ၂၉-၄-၂၀၂၄ ရက်နေ့ စစ်ကူရောက်လာပြီလားမေးတော့လည်း ရောက်မလာသေးဘူးတဲ့။ စစ်ကူက တနင်္သာရီတိုင်းက လာနေရလို့များ ကြန့်ကြာနေတာလားပေါ့။ တွေးကြည့်ရတာ။ ဒီနေ့ မနက်အစောကြီး (၆ ၀၀)နာရီ မထိုခင် ဖုန်း ဝင်လာတယ်။ ဖုန်းနံပါတ်ကြည့်လိုက်တာနဲ့ ကံကြီးကုန်းကဆိုတာ သိတယ်။ ကျွန်တော် ဖုန်းမကိုင်ရဲတော့ဘူး။ သူတို့ရဲ့ လိုအပ်ချက်ကို ကျွန်တော်တို့ အကူအညီတောင်းခံပေးလို့ မရဘူး။ ဖုန်းကိုင်ရမှာကို ရှက်သွားတယ်။

ဆက်တိုက်ဝင်လာတော့ မကိုင်လို့ မရတော့ဘဲ ကိုင်လိုက်ရတယ်။ ကျွန်တော်တို့ ဆက်သွယ်ပြောကြားသည့်အခါတိုင်း အချိန်နဲ့တပြေးညီတင်ပြနေပါတယ်လို့ ဖြေသိမ့်ရတယ်။ ပြန်ခံပစ်စရာ ကျည်ဆံလည်း မရှိတော့ဘူး။ တုတ်၊ ဓားကိုင်ပြီး ဝင်လာတဲ့အချိန် သူသေ ကိုယ်သေ ခုတ်ဖို့ စောင့်နေရတဲ့အခြေအနေမျိုး ပြောတယ်။ အဲဒီလို ကြုံတွေ့နေရတဲ့ အခြေအနေကို မြင်ယောင်ကြည့်ပေါ့ဗျာ။

ပေါက်ကိုယ်တော် အနေနဲ့ တိုင်းမှူးကြီးကို တင်ပြလိုက်တဲ့အချိန်မှာ လေကြောင်းပစ်ကူ ရသွားတယ်လို့ ယူဆရပါတယ်။ ဆရာတော်ကလည်း အကူအညီရပြီ၊ လေယာဉ်ပစ်ကူသွားပြီဆိုတဲ့အချိန်မှာလည်း ဖုန်းဆက်ပြောတယ်။ နှိမ်နင်းဆောင်ရွက်ပြီးချိန်မှာ ရုပ်သံဖိုင် ပေးပို့လာပါတယ်။

အို အသင်လောက -

အကူအညီ လိုအပ်နေသူတွေအတွက် အကူအညီတောင်းတာ အပြစ်လား၊

တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေကို လေးစားသမှုနဲ့ တင်ပြတာ အပြစ်လား၊

အကူအညီ လိုအပ်နေသူတွေအတွက် အကူအညီမပေးဘဲ ကူညီပေးဖို့ တင်ပြသူတွေကို ရန်မူလိုတာ ဘာကြောင့်လဲ၊


ကျုပ်တို့မှာ အပွင့်အခတ်တွေလည်း မရှိပါဘူး။ တာဝန်နဲ့ လုပ်ပိုင်ခွင့်လည်း မရှိပါဘူး။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့နေတာတွေကိုလည်း သိသိနဲ့ မြိုသိပ်ထားရပါတယ်။ ခင်ဗျားတို့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင်ကို တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အသုံးမချဘဲ ကိုယ်ကျိုးစီးပွားနောက်ကိုသာ နိပိန်းများလို လိုက်နေကြတာကို သိသော်လည်း ကျုပ်တို့မှာ မပြောဝံ့ပါ။ ခင်ဗျားတို့ရဲ့ ရာထူးအာဏာကို ထိပါးလာမယ့်အရေး မြင်တာနဲ့ ကျုပ်တို့ကို မတော်မတရားလုပ်ဖို့ ဝန်မလေးဘူးဆိုတာ သိတဲ့အတွက်လည်း ကျုပ်တို့မှာ မြို့သိပ်ထားရတာတွေ များပါပြီ။

မည်သို့ပင်ဆိုစေ . . . . . အကူအညီလိုအပ်နေတဲ့ ပြည်သူတွေအတွက် ကူညီဆောင်ရွက်ပေးတဲ့ တိုင်းမှူးကြီးနှင့် လေသူရဲများကို ဦးညွှတ်ဂုဏ်ပြုပါ၏။ 


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)