တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲ အခမ်းအနား ကျင်းပ


နေပြည်တော်၊ ဩဂုတ် ၂၆

တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲကို ယမန်နေ့က နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပျဉ်မနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် တိုက်အုပ်ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဇဝနတိက္ခ  အမှူးပြုသော ဆရာတော်၊ သံဃာတော်များ  ကြွရောက်တော်မူ ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ပျဉ်မနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် တိုက်အုပ်ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ ဇဝနတိက္ခ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ်သည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာကြားကြသည်။

ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် တာဝန်ရှိသူများက  ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်း ကြသည်။

ယင်းနောက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသောဆွမ်းဆန်တော်နှင့် ဆီ၊ ဆား၊ ပဲ၊ ဆေးများအား ပါဠိတက္ကသိုလ် မင်္ဂလာ ဇေယျုံကျောင်းတိုက် ဆရာတော်နှင့် ဆရာတော်သံဃာတော်များအား စစ်ရေးချုပ်မှ ဦးဆောင်၍ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိကြီးများက ဆက်ကပ် လှူဒါန်း ကြသည်။ ထို့နောက် ဆွမ်းပဒေသာပင် အလှူတော်ငွေများကို တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များက အသီးသီးပေးအပ် လှူဒါန်းကြရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် တာဝန်ရှိသူများက လက်ခံရယူ ကြသည်။ ယင်းနောက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်များ လှူဒါန်းရခြင်းရည်ရွယ်ချက်အား တပ်မတော်အရာရှိကြီးတစ်ဦးမှ ရှင်းလင်းလျှောက် ထားသည်။

ထို့နောက် နေပြည်တော်တိုင်း သံဃာ့နာယကအဖွဲ့ဝင် ပျဉ်းမနားမြို့ မဟာ ဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စန္ဒောဘာသထံမှ  အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းသည်။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင် ကျောင်းများနှင့် ဘိုးဘွားရိပ်သာများအတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ် လှူဒါန်း လျက်ရှိပြီး ယနေ့ လှူဒါန်းမှုအစုစုမှာ အလှူငွေကျပ် ၁၃၃ သိန်း ၆ သောင်း ၉ ထောင်ကျပ်၊ ဆန် ၁၀၅၆ အိတ် ၆ ပြည်၊ ဆီ ၃၁၇ ဒသမ ၅၀ ပိဿာ၊ ပဲ ၃၀၇၅ ပိဿာ၊ ဆား ၃၀၇၅ ပိဿာ၊ ဆေးမျိုးစုံ ၇၆၈ ဘူးတို့အား လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)