တစ်ကျော့ပြန်မျောက်ကျောက်ရောဂါ သတိပြုပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်ကျော့ပြန်မျောက်ကျောက်ရောဂါ သတိပြုပါ



အာဖရိကတွင်ဖြစ်ပွားနေသော ကူးစက်မြန်မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သြဂုတ်လ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။ မျောက်ကျောက် ရောဂါမျိုးကွဲသစ် ကူးစက်ပျံ့နှံ့နေသဖြင့် ယင်းသို့ အသိပေးထုတ်ပြန် ရခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကပြောသည်။ ရောဂါဖြစ်ပွားမှု သိသိသာသာတိုးလာပြီး ကွန်ဂိုနိုင်ငံတွင် ယခုနှစ်စကတည်းက မျောက်ကျောက်ရောဂါ ကူးစက်ခံရသူပေါင်း ၁၅၆ဝဝ ကျော်နှင့် သေဆုံးသူ ၅၃၇ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါရောဂါသည် ရောဂါကူးစက်ခံထားရသည့်တိရစ္ဆာန်ကို ကိုင်တွယ်ထိတွေ့ခြင်းမှ လူသို့ကူးစက်စေသည့်ရောဂါဖြစ်သည်။ ရောဂါဖြစ်ပွားနေသူ၏ ခန္ဓာကိုယ်မှထွက်ရှိသော အရည်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားများနှင့် ညစ်ညမ်းနေသော အိပ်ရာပေါ်ရှိပစ္စည်းများနှင့်ထိတွေ့ခြင်းဖြင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ ကွန်ဂိုအပြင် ဘူရွန်ဒီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ ရဝမ်ဒါအပါအဝင် အခြားအာဖရိကနိုင်ငံများသို့လည်း ပျံ့နှံ့လျက်ရှိပြီး ထိန်းချုပ်နိုင်ရန် ပြင်းပြင်းထန်ထန် လုပ်ဆောင်ရမည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။


နိုင်ငံအချို့သို့ စတင်ပျံ့နှံ့လျက်ရှိ

မျောက်ကျောက်ရောဂါဖြစ်ပွားမှု အစောပိုင်းကာလတွင် အာဖရိကတိုက်တွင်သာ တွေ့ရလေ့ရှိသော်လည်း ယခုအခါ ယခင်က ဖြစ်ပွားခဲ့ခြင်းမရှိသော နိုင်ငံအချို့သို့ စတင်ပျံ့နှံ့လျက်ရှိသည်။ ကူးစက်မှု သိသိသာသာမြင့်တက်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် WHO က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့သော်လည်း ယမန်နှစ် မေလ ၁၁ ရက်နေ့တွင် ရောဂါဖြစ်ပွားမှု ကျဆင်းလာသဖြင့် အရေးပေါ်အခြေအနေမှ ရုပ်သိမ်းခဲ့သည်။ မူလက မျောက်ကျောက် (Monkey Pox) ရောဂါဟု ခေါ်ဆိုနေကြသော်လည်း ယင်းဗိုင်းရပ်စ်ပိုး အမည်မှည့်ရာတွင် ခွဲခြားမှုနှင့် မနှစ်မြို့စရာများရှိနေကြောင်း စောဒကတက်မှုများကြောင့် ၂ဝ၂၂ ခုနှစ်ကုန်တွင် Mpox သို့ ပြောင်းလဲခေါ်ဆိုရန် WHO က ကြေညာခဲ့သည်။ မှတ်တမ်းများအရ မျောက်ကျောက်ရောဂါသည် ကျောက်ကြီး ရောဂါကဲ့သို့ ဗိုင်းရပ်စ်မျိုးနွယ်စုဝင်ဖြစ်ပြီး အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ အပူပိုင်းမိုးသစ်တောများတွင် အဓိကဖြစ်ပွားကာ တစ်ခါတစ်ရံအခြားဒေသများသို့လည်း ပျံ့နှံ့လေ့ရှိသည့် ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည်။ ၎င်းရောဂါပိုးကို ၁၉၅၈ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၇ဝ ပြည့်နှစ်တွင် ရောဂါဖြစ်ပွားမှုကို ကွန်ဂိုနိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဗိုင်းရပ်စ်မျိုးကွဲ နှစ်ခုရှိပြီး ပထမအမျိုးအစားမှာ ၂ဝ၂၂ ခုနှစ်တွင် ဥရောပနှင့်အခြားနိုင်ငံများအထိ ကူးစက်ခဲ့သော ဗိုင်းရပ်စ်ဖြစ်သည်။

ရောဂါကို ထိန်းချုပ်ရန် အခွင့်အလမ်းများရှိနေသဖြင့် စိုးရိမ်စရာ မရှိဟု WHO က ဆိုထားသော်လည်း ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူအချို့က အဆိုပါဗိုင်းရပ်စ်သည် ယခင်က မတွေ့ရှိခဲ့သောနိုင်ငံများ၌ အမြစ်တွယ်သွားမည်ကို စိုးရိမ်နေကြသည်။ လူနာအများစုသည် ရက်သတ္တပတ်အနည်းငယ်အတွင်း၌ ရောဂါလက္ခဏာများ ပျောက်ကင်း သွားနိုင်သည်။ အချို့မှာ နောက်ဆက်တွဲ ရောဂါဆိုးကျိုးများဖြစ်ပွားကာ သေဆုံးသည်အထိလည်း ဖြစ်ပွားလေ့ရှိသည်။ ကလေးများနှင့် ခုခံအား ကျဆင်းနေသည့်သူများသည် မျောက်ကျောက်ရောဂါကြောင့် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရနိုင်ပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်သည်ဟု WHO ကဆိုသည်။

ယခင်က မျောက်ကျောက်ရောဂါဟု လူသိများသော ကူးစက်မြန်ရောဂါသည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ကနဦးဖြစ်ပွားမှုအတွင်း လူပေါင်း ၄၅ဝ ထက်မနည်းကို သေဆုံးစေခဲ့သည်။ Mpox ရောဂါသည် မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည်။ ၎င်းသည် ကျောက်ရောဂါကဲ့သို့သော ဗိုင်းရပ်စ်အုပ်စုတစ်ခုတည်းမှ ဖြစ်သော်လည်း အန္တရာယ်ပို၍နည်းပါးသည်။ ယင်းဗိုင်းရပ်စ်သည် မူလကတိရစ္ဆာန်များမှ လူသို့ကူးစက်သော်လည်း ယခုအခါ လူအချင်းချင်းလည်း ကူးစက်နိုင်သည်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံများတွင် အပူပိုင်းအမြဲစိမ်းသစ်တောများရှိသည့် ဝေးလံခေါင်သီသော ကျေးရွာများတွင် အဖြစ်များသည်။ အဆိုပါဒေသများတွင် ရောဂါ ဖြစ်ပွားသူ နှစ်စဉ် ထောင်နှင့်ချီရှိပြီး သေဆုံးသူရာနှင့်ချီရှိကာ ၁၅ နှစ်အောက်ကလေးများ အဆိုးရွားဆုံးထိခိုက်ခံစားရသည်။ Mpox တွင် Clade 1 နှင့် Clade 2 ဟူ၍ အဓိကဗိုင်းရပ်စ်အမျိုးအစား နှစ်မျိုးရှိသည်။

၂ဝ၂၂ ခုနှစ်က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာခဲ့သော ယခင် Mpox သည် အနည်းငယ်ပျော့သော Clade 2 အမျိုးအစားဖြစ်သည်။ ယင်းသည် ဥရောပနှင့် အာရှတိုက်ရှိ နိုင်ငံအချို့အပါအဝင် ဗိုင်းရပ်စ်ကို ပုံမှန်အားဖြင့် တွေ့ရှိရခြင်းမရှိသော နိုင်ငံပေါင်း ၁ဝဝ နီးပါးသို့ ပျံ့နှံ့သွားခဲ့ပြီး ထိခိုက်လွယ်သောအုပ်စုများကို ကာကွယ်ဆေးထိုးခြင်းဖြင့် ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်သည် ယခင်ဖြစ်ပွားသူအရေအတွက်၏ ၁ဝ ရာခိုင်နှုန်းအထိ သေဆုံးစေခဲ့သည့် ဗိုင်းရပ်စ် Clade 1 ဖြစ်သည်။ ယမန်နှစ် စက်တင်ဘာလခန့်က ဗိုင်းရပ်စ်အပြောင်းအလဲဖြစ်ပေါ်ခဲ့သည်။ ဗီဇပြောင်းလဲမှုများသည် Clade lb ဟုခေါ်သော မျိုးဆက်သစ်တစ်ခုသို့ ဦးတည်သွားပြီး ထိုမှစတင်ကာ လျင်မြန်စွာပျံ့နှံ့လာခဲ့သည်။ ဤမျိုးဗီဇ အသစ်ကို သိပ္ပံပညာရှင်တစ်ဦးက အန္တရာယ်အရှိဆုံးဟု တံဆိပ်ကပ်ထားသည်။ အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က ၂၀၂၄ ခုနှစ်စမှ ဇူလိုင်လကုန်အထိ Mpox ကူးစက်မှု ၁၄၅ဝဝ ကျော်နှင့် Mpox ကြောင့် သေဆုံးမှု ၄၅ဝ ကျော်ရှိကြောင်း ပြောကြားခဲ့သည်။ ယင်းသည် ကူးစက်မှုရာခိုင်နှုန်း ၁၆ဝ တိုးလာပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက သေဆုံးမှု ၁၉ ရာခိုင်နှုန်း တိုးလာသည်။


ဗိုင်းရပ်စ်မျိုးကွဲကြောင့် ကွန်ဂိုနိုင်ငံတွင် လူပေါင်းရာချီသေဆုံး

Mpox ရောဂါဖြစ်ပွားမှု၏ ၉၆ ရာခိုင်နှုန်းသည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ဖြစ်သော်လည်း ပုံမှန်ဆိုလျှင် ရောဂါဖြစ်ပွား မှုမရှိသော ဘူရွန်ဒီ၊ ကင်ညာ၊ ရဝမ်ဒါနှင့် ယူဂန်ဒါကဲ့သို့သော အိမ်နီးချင်းနိုင်ငံများအထိ ပျံ့နှံ့သွားသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် Mpox ရောဂါကူးစက်ခံရသူကိုတွေ့ရှိ ခဲ့ကြောင်း ဩဂုတ်လ ၁၉ ရက်နေ့က ကြေညာခဲ့သော်လည်း ထိုရောဂါ သည် ပြင်းထန်သည့် Mpox ဗိုင်းရပ်စ်မျိုးကွဲသစ် ဟုတ်၊ မဟုတ်ကို မဆုံးဖြတ်ရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။ ထိုဗိုင်းရပ်စ်မျိုးကွဲကြောင့် ကွန်ဂိုနိုင်ငံတွင် လူပေါင်းရာချီသေဆုံးခဲ့ပြီးနောက် မကြာသေးမီရက်များအတွင်း ဆွီဒင်နှင့် ပါကစ္စတန်နိုင်ငံ တို့တွင်လည်း ထိုဗိုင်းရပ်စ်မျိုးကွဲကူးစက်မှုများကို တွေ့ရှိခဲ့သည်။ ကျွမ်းကျင်ပညာရှင်များက ယခုရောဂါပိုးအသစ်သည် ပိုမို၍လွယ်ကူစွာ ပျံ့နှံ့နိုင်ပြီး ကလေးငယ်များနှင့် အရွယ်ရောက်ပြီးသူများတွင် ရောဂါပိုမိုပြင်းထန်မှုနှင့် သေဆုံးမှုပိုများနိုင်သည်ဟု ဆိုသည်။ မျောက်ကျောက် ရောဂါ၏ ကနဦးလက္ခဏာရပ်များတွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရောင်ရမ်းခြင်း၊ ခါးနာခြင်းနှင့် ကြွက်သားများနာကျင်ခြင်းတို့ ခံစားရနိုင်သည်။ အဖျားပျောက်ပြီးသည်နှင့် အဖုအပိမ့်များ ဖြစ်ပေါ် လာတတ်ပြီး မျက်နှာပေါ်မှစတင်ကာ ခန္ဓာကိုယ်၏ အခြားအစိတ် အပိုင်းများသို့လည်း ပျံ့နှံ့သွားနိုင်သည်။ အများအားဖြင့် လက်ဖဝါးနှင့် ခြေဖဝါးများတွင် အဖြစ်များသည်။ အလွန်အမင်း ယားယံခြင်း သို့မဟုတ် နာကျင်ခြင်းဖြစ်နိုင်သည့် အဖုအပိမ့်များသည် တဖြည်းဖြည်းအနာဖေး မဖြစ်ပေါ်မီ အဆင့်အမျိုးမျိုးသို့ ပြောင်းလဲသွားကာ နောက်ဆုံးတွင် ကျွတ်ထွက်သွားသည်။ အနာများက အမာရွတ်များအဖြစ် ကျန်စေနိုင်သည်။ ရောဂါပိုးသည် အများအားဖြင့် သူ့အလိုလိုပျောက်ကင်းသွားပြီး ၁၄ ရက်မှ ၂၁ ရက်အကြား ကြာမြင့်သည်။ ပြင်းထန်သောဖြစ်ပွားမှုများ တွင် ခန္ဓာကိုယ်တစ်ခုလုံးနှင့် အထူးသဖြင့် ပါးစပ်၊ မျက်လုံးများနှင့် လိင်အင်္ဂါများကိုပါ ဖြစ်ပွားနိုင်သည်။ Mpox သည် ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်တတ်သည်။ လိင်ဆက်ဆံခြင်း၊ အရေပြားချင်းထိတွေ့ခြင်း၊ အခြားသူတစ်ဦးနှင့် နီးကပ်စွာနေထိုင်ခြင်း သို့မဟုတ် နီးကပ်စွာ အသက်ရှူခြင်းတို့မှလည်း ကူးစက်နိုင်သည်။


ရောဂါပိုးရှိသည့် တိရစ္ဆာန်များနှင့် အနီးကပ်ထိတွေ့ခြင်းကလည်း ကူးစက်နိုင်

ဗိုင်းရပ်စ်ပိုးသည် ပျက်စီးနေသော အရေပြား၊ အသက်ရှူ လမ်းကြောင်း သို့မဟုတ် မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နိုင်သည်။ အိပ်ရာ၊ အဝတ်အစားနှင့် မျက်နှာသုတ်ပဝါများကဲ့သို့သော ဗိုင်းရပ်စ်ပိုးကြောင့် ညစ်ညမ်းနေသောအရာများကို ထိတွေ့ခြင်းမှလည်း ကူးစက်နိုင်သည်။ ကူးစက်နိုင်သော အခြားလမ်းကြောင်းတစ်ရပ်မှာ မျောက်များ၊ ကြွက်များနှင့် ရှဉ့်များကဲ့သို့သော ရောဂါပိုးရှိသည့် တိရစ္ဆာန်များနှင့် အနီးကပ်ထိတွေ့ ခြင်းဖြစ်သည်။ ၂ဝ၂၂ ခုနှစ်က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာလအတွင်း ဗိုင်းရပ်စ်သည် လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုမှတစ်ဆင့် အများ ဆုံးပျံ့နှံ့သွားခဲ့သည်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ လက်ရှိဖြစ်ပွားမှုတွင် လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုက အဖြစ်များနေသော်လည်း အခြားအကြောင်းအချက်များကလည်း ပျံ့နှံ့နိုင်ကြောင်းတွေ့ရှိရသည်။

 Mpox ရောဂါ ကြိုတင်ကာကွယ်ရန်မှာ Mpox ရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်နှင့် သင့်အသိုင်းအဝိုင်းတွင် ဗိုင်းရပ်စ်ပိုး ရှိနေပါက လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် သေချာစွာပွတ်တိုက်၍ ဆေးကြောရန်ဖြစ်သည်။ Mpox ရှိသူများကို ၎င်းတို့၏အနာများ ပျောက်ကွယ်သွားသည်အထိ အခြားသူများနှင့် သီးသန့်ခွဲထားသင့်သည်။ ပြန်လည်ကောင်းမွန်လာပြီးနောက် ၁၂ ပတ်ကြာအတွင်း လိင်ဆက်ဆံသောအခါတွင် ကွန်ဒုံးကို ကြိုတင်ကာကွယ်မှုအဖြစ် အသုံးပြုသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောသည်။

Mpox ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်သည့် အကောင်းဆုံးနည်းလမ်းမှာ ကာကွယ်ဆေးများထိုးခြင်းဖြစ်သည်။ ကာကွယ်ဆေးများရှိသော်လည်း အန္တရာယ်ရှိသူများ သို့မဟုတ် ရောဂါပိုးရှိသူနှင့် နီးကပ်စွာ ထိတွေ့ဖူးသူများအတွက်သာ ပုံမှန်အားဖြင့် ကာကွယ်ဆေးရရှိနိုင် သည်။ မကြာသေးမီက WHO သည် ဆေးဝါးထုတ်လုပ်သူများအား ၎င်းတို့၏ Mpox ကာကွယ်ဆေးများကို တရားဝင်ခွင့်ပြုချက်မရသေးသည့်တိုင် အရေးပေါ်အသုံးပြုရန် တောင်းဆိုထားသည်။ ယခုအခါ အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က အာဖရိကတိုက်ကြီးတစ်ဝန်းတွင် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ကြေညာထားသောကြောင့် အစိုးရများသည် ၎င်းတို့ ၏တုံ့ပြန်မှုကို ပိုမိုကောင်းမွန်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ပြီး ရောဂါ သက်ရောက်ရာဒေသများသို့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုများနှင့် အကူအညီများစီးဆင်းမှုကို တိုးမြှင့်နိုင်မည်ဟု မျှော်လင့်ရသည်။ ကမ္ဘာကြီးသည် အကျပ်အတည်းပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသော်လည်း နောက်ဆုံးတွင် နိုင်ငံအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျော်လွှားနိုင်ခဲ့သည်။ လက်ရှိတွင်လည်း ကိုဗစ်ကပ်ရောဂါနှင့် အသားကျနေပြီဖြစ်သော ကမ္ဘာကြီးသည် မျောက်ကျောက်ရောဂါကို အလိုက်သင့်ခုခံနိုင်မည်သာဖြစ်သည်။ သို့သော် အများပြည်သူတို့ အနေဖြင့် မျောက်ကျောက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်း အလေးထားလိုက်နာရေးမှာ အရေးကြီးသည့် အချက်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။


မေယု-မျိုးအောင် (MANA)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)