ဒုတိယဝန်ကြီး ဦးမင်းမင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တောင်ဒဂုံစားအုန်းဆီသန့်စက်ရုံ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမင်းမင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တောင်ဒဂုံစားအုန်းဆီသန့်စက်ရုံ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဩဂုတ် ၄

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းသည် ယမန်နေ့က ဒဂုံဆိပ်ကမ်းမြို့သစ်မြို့နယ်ရှိ တောင်ဒဂုံစားအုန်းဆီသန့်စက်ရုံ (South Dagon Oil Mill Co., Ltd.) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အရည်အသွေးများနှင့်အညီ ထုတ်လုပ်ရန်၊ ပြည်ပမှစားအုန်းဆီ တင်သွင်းမှုကို လျှော့ချနိုင်ရေးအတွက် ကုန်ထုတ်စွမ်းအား တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ရန်နှင့် ထုတ်လုပ်မှုစရိတ်ကို တတ်နိုင်သမျှလျှော့ချပြီး သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက စားအုန်းဆီကြမ်းများ အချွဲချွတ်ခြင်း၊ အချဉ်ချွတ်ခြင်း၊ အရောင်ချွတ်ခြင်း၊ အနံ့ချွတ်ခြင်း၊ ဆီအကြည်နှင့် အခဲခွဲထုတ်ခြင်းတို့ကို ဆီကြမ်းမှ ဆီချောထွက်ရှိသည်အထိ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြသသည်။

တောင်ဒဂုံ စားအုန်းဆီသန့်စက်ရုံသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့သစ်မြို့နယ် ပဲခူးမြစ်လမ်းပေါ်၌တည်ရှိပြီး ဝန်ထမ်းအင်အား ၈၅ ဦးဖြင့် စက်တပ်ဆင်အင်အား တစ်ရက်လျှင် စားအုန်းဆီကြမ်း တန်ချိန် ၁၅၀ ကို သန့်စင်ပေးနိုင်ကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်ရှိ ဆီအုန်းစိုက်ဧက ၁၄၆၀၀ မှ ထွက်ရှိသည့် ဆီသီးခိုင်များကို ဆီကြိတ်ခွဲပြီး စားအုန်းဆီကြမ်းများကို ရန်ကုန်တောင်ဒဂုံ စားအုန်းဆီသန့်စက်ရုံသို့ သယ်ယူ၍ စားအုန်းဆီကြမ်းမှ ဆီသန့်ရရှိသည်အထိ အဆင့်ဆင့်ကြိတ်ခွဲ ထုတ်လုပ်လျက်ရှိသည်။

လက်ရှိတွင် ကုန်ကြမ်းရရှိမှု အခြေအနေအရတစ်လလျှင် ပျမ်းမျှစားအုန်းဆီကြမ်းတန်ချိန် ၂၀၀၀ မှ ဆီသန့် (RBD Palm Olein) တန်ချိန် ၁၂၀၀ ခန့် ထုတ်လုပ် ပေးလျက်ရှိပြီး စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံများနှင့် စားသောက်ဆိုင်များသို့ အဓိကဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းနှင့် ဘေးထွက်ပစ္စည်းများဖြစ်သည့် စားအုန်းဆီအနှစ်အခဲ (Palm Stearin) များကို တိရစ္ဆာန်အစာ၊ ဇီဝလောင်စာ၊ ဆေးဝါးနှင့်အလှ ကုန်ထုတ်လုပ်သည့် လုပ်ငန်းများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)