နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ အမျိုးသားရေးစိတ်ဓါတ်ကို အခြေခံပြီး ဝန်ထမ်းကျင့်ဝတ်နှင့်အညီ တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ကြရန် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ အမျိုးသားရေးစိတ်ဓါတ်ကို အခြေခံပြီး ဝန်ထမ်းကျင့်ဝတ်နှင့်အညီ တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ကြရန် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး မှာကြား


နေပြည်တော်၊ ဩဂုတ် ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်-ကျောက်တန်း သီလဝါဆိပ်ကမ်းဧရိယာရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်စီမံခန့်ခွဲလျက်ရှိသည့် သီလဝါဆိပ်ကမ်း တံတားများနှင့် မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်၊ ရန်ကုန်မြို့ရှိ ဝန်ကြီးဌာနလက်အောက်မှ ဦးစီးဌာနများအား ယမန်နေ့က လှည့်လည်ကြည်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါဆိပ်ကမ်းဧရိယာရှိ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း-သီလဝါ (Myanmar International Terminal Thilawa MITT) သို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းလွင်မှ သီလဝါဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခြင်း၊ MITT ဆိပ်ကမ်းနှင့် အခြားဆိပ်ကမ်းတံတားကုမ္ပဏီများမှ တာဝန်ရှိသူများ၏ လုပ်ငန်းဆိုင်ရာကိစ္စရပ်များ တင်ပြခြင်းများအပေါ် ပြည်ထောင်စုဝန်ကြီးက ရေကြောင်းကုန်သွယ်မှုသည် နိုင်ငံ့လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောရိုးမဏ္ဍိုင်ဖြစ်၍ ရေကြောင်းကုန်သွယ်မှုများ လွယ်ကူအဆင်ပြေချောမွေ့စေရန် အစိုးရဌာနအဖွဲ့အစည်းများက လုပ်ထုံးလုပ်နည်းများ ဖြေလျော့ပံ့ပိုးပေးနေသကဲ့သို့ ဆိပ်ကမ်းအာဏာပိုင်နှင့်အတူလက်တွဲ ဝန်ဆောင်မှုပေးနေကြသည့် ပုဂ္ဂလိကဆိပ်ကမ်းတံတားများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးပါသဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းဖြစ်ပေါ်ပြောင်းလဲမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာသုံးသပ်ပြီး အစိုးရ-ပုဂ္ဂလိကအကျိုးမျှတစွာဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထားဆောင်ရွက်ကြရန်မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် MITT ဆိပ်ကမ်းတံတား၏ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်ကိုင်တွယ်နိုင်မှုနှင့် ဆိုက်ကပ်လာသည့် သင်္ဘောများပေါ်မှ ဓါတ်မြေဩဇာများ ချယူနေမှု၊ Wilmar Myanmar ဆိပ်ကမ်းတံတား၌ စားသုံးဆီနှင့် ကောက်ပဲသီးနှံကိုင်တွယ်နိုင်မှုနှင့် သင်္ဘောများပေါ်သို့ ပြောင်းဆန်ပို့ကုန်များ တင်ဆောင်နေမှု၊ Thilawa MPA International Terminal (TMIT) ဆိပ်ကမ်းတံတား၏ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်ကိုင်တွယ်နိုင်မှု၊ ပိတောက်ရွှေဝါကုမ္ပဏီ စက်သုံးဆီဆိပ်ခံတံတား၏ စက်သုံးဆီချယူဖြန့်ဖြူးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံလျင်မြို့ရှိ မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်၊ အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့၊ သင်ကြားရေး ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသော ရေကြောင်းပညာရပ်များသင်ကြားပို့ချ၊ လေ့ကျင့်ပေးနိုင်ရေး၊ တက္ကသိုလ်သို့ လာရောက် ပညာသင်ကြားနေကြသည့် ကျောင်းသားကျောင်းသူများ နေထိုင်မှု၊ သင်ကြားမှု၊ လေ့ကျင့်မှုတို့တွင် အဆင်ပြေချောမွေ့စေရေး၊ အမျိုးသားရေးစိတ်ဓါတ်ပြည့်ဝသည့် အနာဂတ်မျိုးဆက်သစ်များအဖြစ် ပျိုးထောင်ပေးနိုင်ရေးတို့ကို လမ်းညွှန်မှာကြားပြီးနောက် တက္ကသိုလ်၏ ခေတ်မီစာကြည့်တိုက်၌ စီစဉ်ပေးထားသော e-Library စနစ်၊ စာအုပ်စာတမ်းများ ထိန်းသိမ်းကိုင်တွယ်မှုစနစ်များကို စစ်ဆေးခြင်း၊ ရေကြောင်းဆိုင်ရာ လေ့ကျင့်ရေး Simulator ခန်း၏ လက်တွေ့လေ့ကျင့်သင်ကြားမှုစနစ်တို့ကို ကြည့်ရှုစစ်ဆေးခြင်းတို့ကိုဆောင်ရွက်၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် ရန်ကုန်မြို့၌အခြေစိုက်သော ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ အကြီးအမှူးများနှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ ဝန်ထမ်းများအားလုံး နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ အမျိုးသားရေးစိတ်ဓါတ်ကို အခြေခံပြီးဝန်ထမ်းကျင့်ဝတ်နှင့်အညီ တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်နိုင်ကြရေး၊ ရုံးခန်းများ၊ ရုံးအဆောက်အဦနှင့် ရုံးပတ်ဝန်းကျင်တို့ကို သန့်ရှင်းသပ်ရပ်၊ စနစ်တကျရှိစေရေး၊ မျိုးဆက်သစ်ဝန်ထမ်းငယ်များကိုလည်း ဌာန၏ဘာသာရပ်ဆိုင်ရာ စာတမ်း၊ စာပေများကို ဖတ်ရှု၊ လေ့လာဆည်းပူးမှတ်သား၍ အရည်အချင်းပိုမိုပြည့်ဝသူများဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရေး၊ ဌာန၏လုပ်ငန်းတာဝန်များကို အဖွဲ့စနစ် (Team Work) ဖြင့် ဖြေရှင်းဆောင်ရွက်တတ်စေရေးတို့ကို လမ်းညွှန်မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗိုလ်တထောင်မြို့နယ်ရှိ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးသို့ရောက်ရှိကာ တာဝန်ရှိသူများက Integreted Vessel Monitoring and Tracking System ဆိုင်ရာတင်ပြမှုအပေါ် အခြားဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အကျိုးရှိစွာအသုံးချရေးမှာကြားပြီး ဝန်ထမ်းများအား ခင်မင်ရင်းနှီးစွာနှုတ်ဆက်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဇွန်တောင်မြို့နယ်ရှိ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး ရုံးအဆောက်အဦနှင့်ရုံးခန်းများကို ကြည့်ရှုစစ်ဆေးခြင်း၊ ပုဇွန်တောင်ချောင်းကမ်းပါးတွင် ဌာနပိုင်ရေကြောင်းပြရေယာဉ်များနှင့် သောင်တူးသင်္ဘောများ လွန်းတင်ပြင်ဆင်နိုင်ရေး တိုးချဲ့တည်ဆောက်နေသည့် ဘိုးပိုင်အခြေပြု သံကူကွန်ကရစ်လွန်းကျင်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)