တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများ အသိဉာဏ်ပညာဗဟုသုတတိုးပွားစေရေး အတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများ အသိဉာဏ်ပညာဗဟုသုတတိုးပွားစေရေး အတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ





တာမွေ       ၊  ဩဂုတ်     ၁


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအနေဖြင့် အသိ ဉာဏ်ပညာဗဟုသုတပြည့်စုံကြွယ်ဝပြီး နိုင်ငံတော်က အားကိုးအားထားပြုရသည့် အနာဂတ်ခေါင်းဆောင်ကောင်းများ အဖြစ် ပေါ်ထွန်းလာစေရေး၊  စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး အားလပ်ချိန်၌ ဗဟုသုတများစွာရရှိစေမည့် စာအုပ်စာစောင်များ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ရည်ရွယ်၍  တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၂၆)အခြေခံပညာမူလတန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ်ရှိ အမှတ်(၂၆)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ကျောင်းသား/သူလေးများအား မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကြောက်မက် ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအမျိုးမျိုး သုံးစွဲ ခြင်းကြောင့် လူနေမှုဘဝပေါင်းများစွာတို့၏ ထိခိုက်နစ်နာ ဆုံးရှုံးရမှုများ၊ ကွမ်းစားခြင်း၊ ဆေးလိပ်/ အရက်သောက်သုံး ခြင်းနှင့် ကော်ရှူခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးထိခိုက်မှုများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူလေးများက ခန်းမအတွင်း ပြသထားသော အသိညာပေးနံရံကပ်စာစောင်များနှင့် ဗဟုသုတရဖွယ် စာအုပ်စာစောင်များအား စိတ် ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ၊ လူငယ်လူရွယ်များနှင့် ပြည်သူများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ပြုလုပ်၍ အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။



နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)