ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများလှူဒါန်း














နေပြည်တော်၊ ဩဂုတ် ၁

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများနှင့် ဝန်ကြီးဌာနအလိုက် ဝန်ထမ်းမိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ယနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် စုပေါင်းချက်ပြုတ်ကြော်လှော်ကြပြီး စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းမိသားစုများကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများ ပြင်ဆင်ထုပ်ပိုးနေမှုများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဒုတိယဝန်ကြီး ဦးရဲတင့်တို့ လိုက်လံကြည့်ရှုအားပေးသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးပို့ လှူဒါန်းသွားမည်ဖြစ်သည့်အပြင် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက “ရှေ့တန်းရောက် တပ်မတော်သားအားလုံး ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများ၏ ဂုဏ်ကျေးဇူးကြောင့် ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းရှင်းပါစေ၊ တရားသောစစ်အောင်မြင်ပါစေ” အစရှိသည့် ဆုတောင်း မေတ္တာစာလွှာများကို ထည့်သွင်းပေးပို့ကြကြောင်း သိရသည်။

အလားတူ ယနေ့တွင် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းမိသားစုများကလည်း စားသောက်ဖွယ်ရာများနှင့် ဝန်ထမ်းမိသားစုများ ကိုယ်ကိုင်ချက်ပြုတ်ကြော်လှော်ထားသည့် ငါးခြောက်ကြော်၊ ငပိကြော်များကို ပေးပို့လှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်လုံခြုံရေး၊ နယ်မြေကာကွယ်ရေးအတွက် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားကာ ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လှူဒါန်းကြသည့် စားသောက်ဖွယ်ရာများနှင့်အတူ ဝန်ထမ်းမိသားစုများက “တရားသောစစ် အမြန်ဆုံး အောင်မြင်ပါစေ။ တပ်မတော်သားများရဲ့အောင်မြင်မှု ပြည်သူလူထုရဲ့ ငြိမ်းချမ်းမှုတွေကို စောင့်မျှော်လျက် တပ်မတော်သားများကိုချစ်တဲ့ပြည်သူတွေ အများကြီးရှိနေပါတယ်။ တပ်မတော်သားများရဲ့အောင်ပွဲဟာ ပြည်သူ့အောင်ပွဲပါ။ တပ်မတော်သားများ စစ်မြေပြင်မှအန္တရာယ်ကင်းရှင်းစွာ အမြန်ဆုံးပြန်လာနိုင်ပါစေ” စသည့် ဆုတောင်းမေတ္တာ စာလွှာများကို ထည့်သွင်းပေးပို့ကြကြောင်း သိရသည်။

အဆိုပါ စားသောက်ဖွယ်ရာများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လက်ဝယ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)